Archives

ဆုတ်ကပ်


ဘယ်လောက်များလဲကွယ်...
ကမ္ဘာကြီးကို အဆိပ်ခတ်နေလိုက်ကြတာများ
သူတို့နဲ့ဘဲ မဆိုင်တော့သလို၊





ဆုတ်ကပ်


ရင်ဘတ်ကို လာမှန်တာတွေအတွက်
ဖတ်ပြနိုင်စရာ *စကင်န်နာ မရှိ!!!






ဘယ်လောက်များလဲကွယ်...
ကမ္ဘာကြီးကို အဆိပ်ခတ်နေလိုက်ကြတာများ
သူတို့နဲ့ဘဲ မဆိုင်တော့သလို၊
ကြည့်စမ်းပါဦး!
သွေးအလိမ်းလိမ်း၊ ပြည်တစိုစို
အနာဖေးအထပ်ထပ်နဲ့ ပွက်ပွက်အန်နေပုံများ၊



ဒီခေတ်မှာ ချိုးငှက်တွေရှားသွားပြီ၊
ထပ်ပြောမယ်၊
ဒီခေတ်မှာ အဖြူရောင်ချိုးငှက်တွေရှားသွားပြီ...
အားလုံးဟာ...
နတ်ဆိုးတွေရဲ့ လက်ထဲမှာအပြိုပြိုအလဲလဲ
ကမ္ဘာကြီးမပြောနဲ့!
ကိုယ့်ကိုယ်ကိုထူမတ်စရာ ခြေထောက်များပင်မရှိခဲ့...။ ။



ရင်မင်းသစ်
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်

*Scanner

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အမည်မဲ့


ဘဝတွင် အပေါ့ပါးဆုံးဖြတ်သန်းနိုင်ဖို့ရာ
မည်သည့်အရာများ အချိုးကျပေါင်းစပ်ပါဝင်ရမည်နည်း???

ထိုမေးခွန်းမျိုးသည်
အဆိပ်တက်ဦးနှောက်ပိုင်ရှင်များအတွက်သာ
လွယ်လင့်တကူ ဖြေဆိုနိုင်လိမ့်မည်။

သင်ဖတ်နေသောအရာသည်
အတွေးအခေါ်စာတမ်းတစ်စောင် မဟုတ်ပေ...

ကျွန်ုပ်တို့သည်
တာဝေးအပြေးသမားများ မဟုတ်ပေ!!!
တစ်ယောက်နှင့် တစ်ယောက် ပန်းတိုင်တူနိုင်သော်လည်း
လျှောက်လမ်းများ တူစရာမလို၊
အကြောင်းတရားမှာ “လူ” ဟူသော ဝေါဟာရသည်
စက်ရုံ၏ထုတ်ကုန်များအား ရည်ညွှန်းထားခြင်းမဟုတ်။

ယခုကဲ့သို့
ကောက်ချက်ချမည် ဆိုပါစို့!!!
“လူ” တစ်ယောက်အား အဓိပ္ပါယ်ဖွင့်ဆိုလျှင်
နှလုံးရည်ပြည့်ဝသော တိရစ္ဆာန်ဖြစ်သင့်သည်။

ရင်မင်းသစ်
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၇ ရက်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

သက်ဆုံးတိုင်


နေညိုချိန်
ပန်းချီး ရင်မင်းသစ်
အမျိုးအစားး စပ်ထည်
အသုံးပြုသည့်ပစ္စည်းး Watercolor,
Dark Stroks, Wind

ငါ့အမြင်အာရုံ ပျောက်ဆုံးသွားခဲ့သည်ရှိသော်
နေမင်းကြီးကို တမ်းတတိုင်းမှာ
ငါ့ရဲ့နေမင်း မင်းရဲ့အလင်းသာ
မြင်နိုင်စွမ်းကို ပေးပါစေ...

ငါ့အကြားအာရုံ ပျောက်ဆုံးသွားခဲ့သည်ရှိသော်
သံစဉ်ဂီတ လွမ်းဆွတ်တိုင်းမှာ
ငါ့ရဲ့ဂီတ မင်းအသံများသာ
ကြားနိုင်စွမ်းကို ပေးပါစေ...

ငါ့ဥယျာဉ်တစ်ခုလုံး အဆိပ်တို့နှင့် ဖုံးလွှမ်းသွားခဲ့သည်ရှိသော်
မင်းရဲ့ရနံ့ စူးရှရှသာ
အဆိပ်တို့ကို ပြယ်ပါစေ...

နေ့နေ့ညည သတိရလဲ
အတ္တခေါ်ရာ ပါသွားမိတော့
မပျော်လဲ ပျော်ရတော့မယ့် ဘဝမှာ

ဘယ်သူ့ဘယ်သူမှ အပြစ်မတင်
ဖြစ်ချင်တာတွေမဖြစ်မှတော့
သံသရာဝဋ်ကြွေး ဤမျှနှင့်သာ ပြီးပါစေဆုတောင်းရင်း
ငါ့ချစ်ခြင်းဟာ
မင်းနဲ့ကျမှ ဆုံဆည်းခွင့်ရခဲ့တယ်ဆိုရင်
သေဆုံးသည်အထိ ဆုံဆည်းနိုင်သွားပါရစေ ချစ်သူ……

ဝိုင်
၂၂-၀၅-၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဆုတောင်း

***Andy Warhol***



ကောင်းကင်ခုနှစ်ထပ်က အလွမ်းတွေ
မင်းရင်ကို စိုစွတ်ပါစေ…


ဘဝမှာ ခရီးပေါင်းများစွာနှင်တဲ့အခါ
လိုရမယ်ရ ငါ့နှလုံးသားလေး ဆောင်သွားပါလေ၊
ဘယ်နေရာမှ သုံးမရတောင်
မြောင်းဆိုးတွေ ဖြတ်ဖို့လိုတဲ့အခါ
သူ့ကို နင်းပြီးသွားနိုင်ပါစေ…

ညီလေးရယ်…
အိပ်မက်တွေ အများကြီး မက်မနေပါနဲ့၊
စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့အခါ
ငါ့ကို သတိရနေပါစေ…

ရင်မင်းသစ်
ဇွန်လ၊ ၈ ရက်၊ ၂၀၀ရ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

နောက်ကျခဲ့သော အလွမ်းများ

Cracked Mirror
Nay Myo Say




ဘဝတွင် အိပ်မက်ပေါင်းများစွာ မက်ခဲ့ဖူးသည်။ သင် ဘာကို ယုံကြည်ပါသလဲ??? သင် ယုံကြည်သည့်အရာများ သင့်ဘဝတွင် ပိုင်ဆိုင်ခဲ့ ဖူးသလား??? ကျွန်ုပ် မေးခဲ့တာ များသွားပြီ။ တကယ်တော့ ဘုရားသခင် ဆိုသူမှာ နောက်တီးနောက်တောက် လူတစ်ယောက်သာ…

ငါ ဘာတွေ ပြောနေမိပါလိမ့်။
နှစ်ပေါင်များစွာ ကျော်လွန်ပြီးသည့်အခါ သံယောဇဉ်များသည် ညောင်မြစ်များကဲ့သို့ တုတ်ခိုင်ခဲ့လေပြီ။ အလွမ်းများသည် နှစ်ပေါင်းများစွာ ဖွဲမီးကဲ့သို့ တဖွားဖွား(တစ်ဖွားဖွား ရေးမှမှန်မည်။) လောင်ကျွမ်း၏။ ငါ ဘာတွေ ပြောနေမိပြန်ပြီလဲ??? တကယ်တော့ လူတစ်ယောက်ရဲ့ဘဝ ပြောင်းလဲခြင်း တွင် အချိန်များစွာ မလိုပါ။ ပြောင်းလဲပစ်လိုက်ဖို့သာ လိုပါသည်။

သတိ။ ။ သင် ယခုဖတ်နေသည့်စာသည် တက်ကျမ်း မဟုတ်။

ရေခံမြေခံကောင်းသော အလွမ်းများသည် မြို့ငယ်လေးရဲ့
အမေ့အိမ်အိုရှေ့တွင် တစ်ရစ်ဝဲဝဲ။ ဘဝတွင် အရာပေါင်းများစွာသည် ဖြစ်ချင် သည်များကို ကျော်လွန်၍ ဖြစ်ခဲ့လေပြီ။ ကဗျာဆရာ၊ ကွန်ပျူတာပညာရှင်၊ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာအုပ်တိုက်ပိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင်၊ မဂ္ဂဇင်း အယ်ဒီတာ၊ အရာရာသည် အကယ်ဒမီနှင့်လွဲသော မင်းသမီးတစ်ယောက်၏ ကြေကွဲခြင်းကို ကျော်လွန်ခဲ့လေပြီ။ ကဲ! ထားပါတော့… အိပ်မက်တွေလွယ်၍ မွေးခဲ့သော ဘဝသည်လည်း ရေစုန်မှာမျောသော အမှိုက်စကဲ့သို့ ဝေး၍ဝေး၍ သွားခဲ့လေပြီ။

အမေ့အိမ်အိုလေးကို လွမ်းတဲ့စိတ်များက အကြောအချင်များ ထိအောင် စိမ့်လို့။ “မေမေရယ်… မေမေဆုံးမတဲ့ စကားတွေ တစ်ခါများဖြင့် ပြန်ကြားချင်စမ်းရဲ့…” အလွမ်းရဲ့ သံလိုက်အိမ်မြှောင်များသည် မြို့ငယ်လေး ရဲ့ အမေ့အိမ်နားသို့ တဝဲလည်လည်။ တစ်ချို့လူများသည် ဘဝတွင် ယုံကြည် ချက်အတွက် အသက်စွန့်ခဲ့ကြ၏။ ငါ့မှာတော့ ယုံကြည်ချက်အတွက် အမေ့ ရင်ခွင်ကို စွန့်ခဲ့ပေါ့။ သူတို့အားလုံးသည် ငါ့ထက် ကံကောင်းကြ၏။ သင်၊ ဖြတ်မမေးပါနှင့်။ အသက်စွန့်ပြီးသည့်နောက်တွင် သင် ဘာသိနိုင်တော့ မည်နည်း။ ကျွန်ုပ်မှာတော့ အလွမ်းတွေကို ပိုးမွေးသလိုမွေး၊ ပေါက်ပြဲနေတဲ့ ရင်ဘတ်ကို အလွမ်းတွေနဲ့သိပ်၊ ဟောဒီ့ ဘယ်ဘက်ရင်အုံတစ်ခုလုံး အလွမ်း တွေနဲ့ ယားယံလို့ပေါ့…

မေမေရယ်… မေမေ့သားက ဘဝမှာ လူဆိုးတစ်ယောက် ပဲဖြစ်ခဲ့တာပါ။ လူမိုက်တစ်ယောက် မဖြစ်ခဲ့ပါဘူး။ ကျွနု်ပ်ဘက်က ယုံကြည် ထားသည်မှာ သမိုင်းတွင် အောက်တန်းကျသည့် ကိစ္စများကို လူမိုက်များ သာလုပ်သည်ဖြစ်ရာ ကျွန်ုပ်မှာ လူဆိုးတစ်ယောက် မဟုတ်တန်ရာ ခံယူထား ရာ ကျွန်ုပ်ဘက်က ခံယူချက်သာဖြစ်၍ သင့်ဘက်က မည်သို့ခံယူမည် မသိ သော်လည်း လူတစ်ယောက်ဘဝတွင် ကိုယ်ပိုင်ခံယူချက်ရှိသည်ဖြစ်ရာ သင်တို့ဘက်က မှားသည်ဟု ထင်သော်လည်း ကျွန်ုပ်မှာ မည်သို့မျှ မတတ် နိုင်။ ကျွန်ုပ် ပြောတာ များသွားပြီ။ ထားပါတော့။ ငါးဟင်း စားရသည့်အခါတိုင်း မေမေ့ကို လွမ်းသည်။ အမှားလုပ်မိသည့်အခါတိုင်း မေမေ့ကိုလွမ်းသည်။ သေချာသည်တစ်ခုမှာ၊ သင်တို့အားလုံး၊ ကျွန်ုပ်ကို၊ တော်လှန်ရေးသမား ဟုမြင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဘဝတွင် တော်လှန်နေရ သည်က များသောကြောင့်ဖြစ်သည်။ မေမေ့ရဲ့ ဆုံးမစကားတွေ တစ်ခါ လောက်ဖြင့် ပြန်ကြားချင်စမ်းရဲ့။

မေမေသည် အရက်သောက်လျှင် မကြိုက်၊ ဆေးလိပ်သောက် လျှင် မကြိုက်၊ ကောင်မလေးတွေဆီက ဖုန်းလာလျှင် မကြိုက်၊ ဝတ္ထုစာအုပ် ဖတ်လျှင် မကြိုက်။ အခုအချိန် မေမေနှင့် ပြန်တွေ့ရမည်ဆိုပါက ထိုအားလုံး နှင့် ကျွန်တော် လဲနိုင်သည်။ အခုတော့ အရာရာဟာ မှုန်ဝါးလို့…

တကယ်တော့…
ကျွန်တော်ဟာ
ကောင်းကင်ပျောက်နေတဲ့ ငှက်တစ်ကောင်ပါ၊
အလွမ်းတွေ အတောင်ညောင်းတော့
ဘယ်ကမ်းမှာ နားရမလဲ???

မရမ်းကုန်းတွင် အရူးတစ်ယောက်ရှိသည်။ လမ်းတကာ။ လှည့် ၍၊ တောင်းစားနေ၏၊ သူ့ကိုတွေ့လျှင်၊ သင်တို့၊ မုန့်ဖိုး၊ မပေးပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သူ ဘယ်တော့မှ ယူမည် မဟုတ်သောကြောင့် ဖြစ် သည်။ လူတွေ့တိုင်း သူတောင်းသော စကားတစ်ခွန်းရှိသည်။

“မေမေကော… ကျွန်တော့်မေမေကို ရှာပေးကြပါခင်ဗျာ…”။


ရင်မင်းသစ်
ဇွန်လ၊ ၈ ရက်၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ချစ်သူ့အဆိပ်


သူ့ကျတော့ အရာရာကို အလိုက်သိစွာ မျိုသိပ်နိုင်တဲ့ သူရဲကောင်းတဲ့

ဒါဆို ငါကသာ သူ့မျိုသိပ်မှုတွေကို သည်းမခံနိုင်ခဲ့တဲ့ အပြစ်ရှိတဲ့ လူတစ်ယောက်လားကွယ်

မှန်တာပြောရရင် တကယ်တော့ ငါဟာ ပွင့်လင်းရိုးသားခဲ့တာပါ…


တည်ငြိမ်နေတဲ့ ရေပြင်ကိုမှ ခဲနဲ့ ပစ်တယ်တဲ့… သူကဆိုတယ်

ဒီလိုဆိုတော့ ငါက သူ့ဘဝကို ဒုတိရမ္ပိ ဖျက်ဆီးလိုက်မိပြန်ပြီ…

တကယ်ဆို ငါ့ဘဝလေးကလည်း သူနဲ့မတွေ့ခင်တုန်းက ပကတိဖြူစင်ခဲ့တာပါ…


သူ မျိုသိပ်တန်ဖိုးထားခဲ့တဲ့ အရာတစ်ခုကို ငါကမရမကယူခဲ့တာတဲ့

တကယ်တမ်းကျတော့ သူဘဲ ငါ့ရင်ဘတ်ထဲက အရာတစ်ခုကို ခိုးသွားခဲ့ပြီးတော့ကွယ်

အဲဒီ့အချိန်ကစလို့ ငါဟာ ချစ်သူရှေ့ဒူးထောက် အလံဖြူတစ်လက်ထောင်ပြခဲ့တာပါ…


တခြားသူတွေက ငါ့ကြောင့် ဒဏ်ရာရခဲ့တယ်ဆိုပြီး သူ့ကိုအားပေးနေကြတဲ့အချိန်မှာ

တကယ်တမ်း ဒဏ်ရာရခဲ့တာက ငါဖြစ်နေမှန်း ငါကိုယ်တိုင်တောင် နှောင်းမှသိရတယ်ဆိုရင် လွန်မလားကွယ်


သူဟာ အဆိပ်မိနေတဲ့မြွေတစ်ကောင်ဆိုရင် ငါဟာစတွေ့တဲ့နေ့မှာဘဲ

သူမျှားခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက် အဆိပ်မှန်းမသိ မြိန်ရည်ရှက်ရည် စားသုံးခဲ့ပြီး

မင်းဟာ မိုက်ရူးရဲမြွေပါတစ်ကောင်ပါလားကွာလို့ အပြောခံ ခန္ဓာကိုယ်အနှံ့ အဆိပ်တွေတက်

ဝေဒနာကို လူးလှိမ့်ခံစားရင်း တဖြည်းဖြည်းနဲ့ သေဆုံးသွားခဲ့ရတာပါ…


တကယ်တမ်းတော့ အဆိပ်မှန်းမသိတာ မဟုတ်ပါဘူး ချစ်သူရယ်….

သိရက်နဲ့ ချစ်သူထားခဲ့မှာ ကြောက်လွန်းလို့ ချစ်သူ့အဆိပ်ကို မျိုချခဲ့ရတာပါကွယ်

ငါ့ဘဝရဲ့ အချစ်ဆုံးချစ်သူရယ်…


ဝိုင်

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ကိုယ်ရေးရာဇဝင်

လတစ်စင်းကို ရူးသွပ်သလို
ကိုယ့်မှာတစ်ပွင့်ထဲကို တစိမ့်စိမ့်၊

ဒါဟာ စမ်းသပ်ခန်းမဟုတ်ဘူး
တစ်နေ့တစ်နေ့
ဒေါင်းတောက်အောင် လွမ်းနေတာ…

“အချစ်”
တစ်ဖက်သက်၊ နှစ်ဖက်သက်ရှုပ်ခတ်လို့
အဲဒီ့ကြွက်သိုက်ထဲ တစ်လိမ့်လိမ့်ပြုတ်ကျ
ဒါကို
ဒီကောင်က ရင်ဘတ်ကြီးထိုးထိုးပြသေး၊

သူကလည်း သူ့အဘိဓမ္မာနဲ့သူ
“အချစ်ဆိုတာ…
နင်ဆိုတဲ့ကောင်မလေးကို ပိုင်ဆိုင်ရခြင်း” တဲ့။


ရင်မင်းသစ်
၂၀၀၅ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

မြွေတစ်ကောင်ရဲ့ ဝန်ခံချက်

ဒီကဗျာက အမေများနေ့အတွက်ပေါ့၊ အမေများနေ့ကို နောက်ဆုံးမှ ကျင်းပဖြစ်တယ်… အမေရယ်… သား အခုချိန်ထိ မိုက်ကောင်းတုန်း…


မြွေတစ်ကောင်ရဲ့ ဝန်ခံချက်



ကိုယ့်တွင်း ကိုယ်တူးမိ

စနစ်တကျ၊ လှပသပ်ရပ၊်


ပြုံးပြ၊ လက်ဆွဲနှုတ်ဆက်

လက်ထဲ ဗုံးထည့်သွားတဲ့လောကရယ်

ဒီကောင်၊

တောထဲမှာ မျက်စိလည်နေပေါ့၊


ကိုယ့်မှာ ထောင်ထွက်တစ်ယောက်လို

ဘယ်အရပ်မှ အပင်ပေါက်လို့မရ

ငါနေတဲ့ကမ္ဘာက ကျဉ်းကျဉ်းလာ၊

ငါနေတဲ့မြို့က ကျဉ်းကျဉ်းလာ၊

ငါနေတဲ့အခန်းက ကျဉ်းကျဉ်းလာ၊

တစ်ကိုယ်စာတွင်းကလေးထဲ အသက်ရှူကြပ်လှချည့်။


ကဲ! ထားပါ၊ လူတွေကို လျှော်လိုက်စို့ရဲ့၊

ဒါပေမဲ့ အမေရယ်…

အမေ့မျက်ဝန်းထဲမှာ

သားက ဘာလို့မြွေတစ်ကောင်ဖြစ်နေရတာလဲ

တကယ်တမ်း၊ သားမြွေဆိုးတစ်ကောင်ဆိုရင်

ကိုယ့်အစွယ်ကိုယ်ရိုက်ချိုး၊ ယုန်တစ်ကောင်လိုဖြူစင်ပြမှာပေါ့

အခုတော့…။




ရင်မင်းသစ်

၂၀၀၅ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဖန်ဆင်းပေးပါ

မျိုသိပ်ထားတာထက်
ဆိုးတယ်၊
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ
“ဘ၀” ဆိုတာ ……
အချစ်ရဲ့ လက်ပါးစေလားကွယ်။
အချစ်သီဆိုရာသီချင်း
ချစ်သူ့ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်
အသံမဲ့ဂီတတစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ
ဘုရားသခင် …………..။

မျိုးသီဟ
၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

မိုးတစ္ဆေ


အပြင်ဘက်မှာ
မိုးတွေသည်းသည်းရွာနေတယ်...

မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..

ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..

စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..

ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..

အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။

ပန်ဒိုရာ
၁၅၊၅၊၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

သူငယ်ချင်းဇာတ်

သံယောဇာဉ်ဆိုတာ… နောက်ကျောကဖြတ်လို့ရသလား?

ငါ့ဆီမှာ ဘရူးတပ်စ်တွေအများကြီးကွဲ့!


ဝါသနာပါရင် အလကဇန္ဒါးထက်တောင် ဂုဏ်ယူနိုင်ရဲ့၊

ငါ့ကိုယ်ထဲမှာ သူငယ်ချင်းဆိုတဲ့ လျှပ်စစ်ဓါတ်တွေ အမြဲစီးတယ်၊

ငါဆိုတာ…

ကိုယ့်အဆိပ်ကိုယ်ပြန်မိတဲ့ မြွေတစ်ကောင်ပေါ့၊

တစ်ဘဝလုံး ကိုယ့်လျှာကိုယ်ပြန်ခဲထားတာ

၂၄ နှစ်ထဲ ခြေတစ်လှမ်းဝင်ခဲ့ပြီ၊


လောကဓံဆိုတဲ့လမ်းဟာ…

ဖုန်တထောင်းထောင်း၊ ကျင်းချိုင့်ခပ်များများရယ်

ဒါတောင်၊ ငါ့ဖိနပ်တွေကို ဘရူးတပ်စ်တွေက ခိုးဝှက်ကြသေးရဲ့၊

ပိတ်ကားအချမှာ ငါဒီလိုဆုတောင်းတယ်

နောက်တစ်ဇာတ်မှာ ဘရူးတပ်စ် ငါမဖြစ်လိုဘူးရယ်လို့။

ရင်မင်းသစ်

၂၀၀၅ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အားနာမှု

တစ်ခါက

အားနာမှုတစ်ခု ရှိတယ်တဲ့

လိုက်လျောမှုကို အားနာတတ်တယ်

ခင်မင်ရင်းနှီးမှုကိုလဲ အားနာတတ်တယ်

အလိုက်မသိတတ်မှာကို အားနာတတ်တယ်

တစ်ကိုယ်ကောင်းဆန်ရမှာကို အားနာတတ်တယ်

ယုတ်မာရမှာကို အားနာတတ်တယ်

ရိုင်းစိုင်းရမှာကို အားနာတတ်တယ်

သဘောထားသေးရမှာကို အားနာတတ်တယ်

အခွင့်အရေးယူရမှာကို အားနာတတ်တယ်

ယုံကြည်မှုကိုလဲ အားနာတတ်တယ်

စကားပြောရမှာကို အားနာတတ်တယ်

အားနာရမှာကို အားနာတတ်တယ်

ဒီလိုနဲ့ပဲ….

လူတွေရဲ့ အမြင်မှာ

သူဟာ…………..

အပယ်ခံ ဖြစ်လာတယ်

ရိုင်းစိုင်းလာတယ်

အလိုက်မသိ လာတယ်

တစ်ကိုယ်ကောင်းဆန်လာတယ်

ယုတ်မာလာတယ်

သဘောထားသေးလာတယ်

အခွင့်အရေးတွေ တောင်းဆိုလာတယ်

စကားမပြောတတ်သူဖြစ်လာတယ်

ယုံကြည်မှုကင်းမဲ့လာတယ်

တစ်ကယ်တော့လည်း…..

ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ခေတ်ကြီးမှာ

သူဟာ..

ကိုယ့်အမြီးကို ကိုယ်ပြန်မြိုမိတဲ့

မြွေပွေးတစ်ကောင်ပါပဲ…..။

စိုးဝေ

၉ ၊ ၅ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

မြွေတစ်ကောင်ရဲ့ အထုပ္ပတ္တိ (၂)


အလွမ်းတွေ အတောင်ညောင်းတော့

ဘယ်ကမ်းမှာ နားရမလဲ..?


တစ်နယ်တစ်ကျေးမှာ ပွင့်တဲ့ပန်းက

ကိုယ့်အတွက် မွှေးလွန်းတယ်… ကောင်မလေးရယ်၊

မိုင်ထောင်ချီတဲ့ခရီးကို

အိပ်မက်ထဲမှာ ကူးရတာနဲ့တင်

ကိုယ့်မှာ လက်ပန်းကျနေပါပြီ။


ပြန်လှည့်ကြည့်စရာ

တို့နှစ်ယောက်မှာ ဘဝတစ်ခုမရှိခဲ့!

*"အားလုံးကို စွန့်လွှတ်ရရင်တောင်

သတိရခြင်းကို ငါပိုင်တယ်" တဲ့၊

အခုတော့…

ကိုယ့်လက်ယက်တွင်းလေးကို

ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိခဲ့ပေါ့။


ကိုယ်ဟာ…

ယဉ်ယဉ်ကျေးကျေးနဲ့ ရိုင်းခဲ့သူပါ၊

ကောင်မလေးရဲ့ ရင်ဘတ်ကို အဆိပ်ခတ်

နှောင်းမှ ကိုယ့်ရင်ဘတ်ဖြစ်နေခဲ့သတဲ့…။ ။


ရင်မင်းသစ်

၂၉ ၊ ၄ ၊ ၂၀၀၇


*တာရာမင်းဝေ




ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

တစ်ခါလောက်

ဖြစ်နိုင်မယ်ဆိုရင်
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…
ဘ၀မှာ
တစ်ခါလောက်
အောင်မြင်ချင်တယ်
တစ်ခါလောက်
ကလဲ့စားချေချင်တယ်
တစ်ခါလောက်
ချစ်သူကို ရွှေပေါ်မြတင် ထားချင်တယ်
တစ်ခါလောက်
စိတ်ယုတ်မာတရား မွေးချင်တယ်
တစ်ခါလောက်
သိဒ္ဒိတ္တလို ထိုးထွင်းဥာဏ်မျိုးလိုချင်တယ်
တစ်ခါလောက်
ရန်သူတွေအပေါ် အနိုင်လိုချင်တယ်
တစ်ခါလောက်
မိသားစုကို စိတ်ချမ်းသာစေချင်တယ်
တစ်ခါလောက်
နီရိုးဘုရင်လို တယောထိုးကြည့်ချင်တယ်
တစ်ခါလောက်
ဝေဿန္တာရာဘုရင်ကြီးလို ချမ်းသာချင်တယ်
တစ်ခါလောက်
နယူတန်လို ပန်းသီးကြွေကျတာမြင်ချင်တယ်
တစ်ခါလောက်
မုဆိုးကို လိုက်တဲ့
သားကောင်တစ်ကောင် ဖြစ်ချင်တယ်
တစ်ခါလောက်
မူးယစ်ဆေးသုံးချင်တယ်
တစ်ခါလောက်
ပါးစပ်လေးတစ်စုံကို ရင်းပြီး
လူတွင်ကျယ်ဖြစ်ချင်တယ်
တစ်ခါလောက်
တစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ်
တစ်ခါလောက်
ကုဋေရှစ်ဆယ်သူဌေးသားလို
ဘ၀ပျက်ကြည့်ချင်တယ်
တစ်ခါလောက်
ပင်လယ်လို ပေါလောမျောနေချင်မိတယ်
တစ်ခါလောက်
ဝိပဿနာတရား ကျင့်ချင်တယ်
တစ်ခါလောက်
ရေမရောတဲ့
စေတနာပြစ်ပြစ်တစ်ခွက်လောက် သောက်ချင်တယ်
တစ်ခါလောက်
မြွေပွေးတစ်ကောင်ရဲ့
အဆိပ်ကို သောက်သုံးချင်တယ်
တစ်ခါလောက်……………
တစ်ခါလောက်……….
တစ်ခါလောက်……….
ခုတော့…..
ငါ့မှာ ဖီးနစ်(စ်)ငှက်တစ်ကောင်လို
ကိုယ့်ကိုကိုယ် မီးပြန်ရှို့နေရတယ်…॥။ ။


စိုးဝေ

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ငါမုန်းတဲ့ လောကဓံ

လူသားတွေကို ချစ်ခွင့်ပေးပြီးမှ ဆုံဆည်းခွင့် permission မချပေးတဲ့
လောကကဓံ…

မုန်းတီးခွင့်ပေးလိုက်ပြီးမှအတူရှိနေစေတဲ့
လောကဓံ…

ကြင်နာသလိုလိုဟန်ဆောင်ပြီးမှ နောက်ကျောဓားနဲ့ထိုး ချောက်ထဲတွန်းချတတ်တဲ့ လောကဓံ…

မျှော်လင့်ချက် တနင့်တပိုးပေးပြီးမှရိုက်ချိုးဖျက်ဆီးတတ်တဲ့
လောကဓံ…

အိပ်မက်လှလှလေးတွေ မက်ခွင့်ပေးပြီးမှ လှုနှိုးဖျက်ဆီးတတ်တဲ့
လောကဓံ…

မင်းကြောင့် ကွဲကွာကြရ
မင်းကြောင့် ကြေကွဲကြရ
မင်းကြောင့် ချစ်ကြရ
မင်းကြောင့် မုန်းကြရ
မင်းကြောင့် မျှော်လင့်ချက်နဲ့ အိပ်မက်တွေ ပျက်သုန်းကြရ
မင်းကြောင့် ငိုကြရ၊ ရယ်ကြရ
မင်းကြောင့် ဘဝတစ်ခုလုံး ပျောက်ဆုံးကြရနဲ့ ဖြစ်ချင်တာဖြစ်နေပေမဲ့

မင်းကတော့ ပိုနေမြဲ၊ ကျားနေမြဲအတိုင်း လောကကြီးကို ခပ်စိမ်းစိမ်းကြည့်နေခဲ့တယ်နော်

ကဗျာဆရာ “ရင်မင်းသစ်” ပြောသလို မင်းဟာ လူသားတွေကို
ကံစမ်းမဲ နှိုက်ခွင့်ပေးတယ်ဆိုရင်…
သေချာတယ် အားလုံးဟာ ဗလာမဲတွေချည်း ဖြစ်မှာဘဲ

အချစ်ကို အမုန်း
အပြုံးကို မျက်ရည်အဖြစ်
မျက်လှည့်ပြပြောင်းလဲဖန်ဆင်းတတ်တဲ့မင်းကို
အံ့သြလွန်းလို့ ချီးမွမ်းချင်ပေမဲ့
ရင်ထဲက စကားတစ်ခွန်းငါပြောချင်တာက…

နင့်ကို ငါမုန်းတယ်တဲ့…

ဝိုင်
၂၉ ၊ ၄ ၊ ၂၀၀၇
၂၃ နာရီ ၂၇ မိနစ်



ဝန်ခံချက်။ ။ရင်မင်း၏ “သူဖန်ဆင်းသော လောကဓံ” ကဗျာမှ ကံစမ်းမဲ နှိုက်ခွင့်ပေးတယ် ဟူသော စာသားအား ကိုးကားချက်အဖြစ် ယူသုံးထားပါသည်။

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

မြွေတစ်ကောင်ရဲ့ အထုပ္ပတ္တိ (၁)

*“အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်”
ဘယ်သူ လက်ဆော့ခဲ့သလဲ..?
ငါ့ရင်ဘတ်ကို ကုတ်ခြစ်လို့၊

မိုးမလွန်ခင် ထွန်ကြူးမလို့ပါ၊
သိမ်ငယ်တတ်တဲ့ မြွေတစ်ကောင်က
ငါ့ထွန်ကို မျိုချသွားခဲ့၊

ကိုယ့်ဒေါသနဲ့ကိုယ် အဆိပ်တက်တော့
ဘယ်သူထူမှာလဲ..?
တကယ်တော့…
မင်းဆီလာမဲ့ခြေထောက်တွေ ကိုယ်တိုင်ရိုက်ချိုးခဲ့သူပါ။


ရင်မင်းသစ်
၂၀၀၄

*တာရာမင်းဝေ

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အထုပ္ပတ္တိ

လောကမှာ နွားတွေများတယ်၊
ရောမမှာ တရောထိုးခဲ့တဲ့ ကောင်လေးက
သမိုင်းမှာ မရှိနိုင်တော့ဘူး။

အားလုံးဟာ ကိုယ့်သမိုင်းကိုယ်ရေးခဲ့တာပဲ၊
ဒါပေမဲ့
မိုးခါးရေသောက်ခဲ့တဲ့ ပညာရှိတွေများတယ်။

အခုပြောခဲ့တာတွေ မင်းမယုံဘူးလား???
ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါဦး၊
ကိုယ့်အဆိပ်နဲ့ကိုယ် မိနေတဲ့လူချည်းပဲ။

သူတို့ကို အပြစ်မတင်ပါနဲ့ ကောင်လေးရယ်…
မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး၊
မင်းအဆိပ်တွေနဲ့မင်း ပုပ်သိုးလို့။


ရင်မင်းသစ်
၂၈ ၊ ၄ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဒွိလောက

“ကျွန်တော် မှာ ရှိတဲ့အရာတွေ နဲ့ မရှိတဲ့အရာတွေအကြောင်းကို စဉ်းစားမိရာကနေ ရေးလိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ”
ကဗျာဆရာ စိုးဝေက ကျွန်တော်တို့ မြန်မာလူငယ်အနုပညာရှင်များအဖွဲ့ကို ပြောသွားတဲ့ စကားလေးပါ။ သူက သူ့ဗျာမှာ သူ့ဆီမှာမရှိတဲ့အရာတွေနဲ့ ရှိတဲ့အရာတွေကို ချရေးပြသွားတယ်။ ခေတ်ပေါ်ကဗျာတစ်ပုဒ်ပါ။ ခံစားကြည့်ကြပါဦး… ရင်ထဲမှာရှိတဲ့အတိုင်း မှတ်ချက်ပေးလို့ရပါတယ်…

ဒွိလောက










ကျွန်တော်တွင်

အသုံးပြုရန်

ရေလိုက်ငါးလိုက်ဝါဒ
မရှိပါ…

“ဇာတ်လိုက်မင်းသား“များ၏

အရည်အချင်းနှင့်
ပိုင်ဆိုင်မှုများ မရှိပါ…

ရေခဲစိမ်ထားသော

အာဃာတသံဘူးများ
မရှိပါ…

လိုသလို
ပြောင်းလဲတပ်ဆင်ရန်

မျက်နှာဖုံး
အတုများ မရှိပါ…

ဒေးကာနက်ဂျီ၏

စာအုပ်များ မရှိပါ…

မနာလိုမှ
တံဆိပ်ကပ်ထားသည့်

ဘီယာဘူးခွံများ
မရှိပါ…

”ငါ့စကား
နွားရ”
ပြောရန်

ပါးစပ်တစ်စုံ
မရှိပါ…

မိုက်ဒက်ဘုရင်၏

လက်ချောင်းများ
မရှိပါ…

“ငါသိ
ငါတတ်”
ဆိုသည့်

စကားလုံးများ
မရှိပါ…

အဏုမြူဗုံးများ
မရှိပါ…

မိတ်ဆွေဖြစ်ရန်

သူငယ်ချင်းကောင်း
မရှိပါ…

ကောင်မလေးများ
နှစ်သက်တတ်သည့်


ကားလှလှလေးများနှင့်

ကားလှလှလေးများ
နှစ်သက်တတ်သည့်

ငွေစက္ကူများ မရှိပါ…

စူဠသုဘဒ္ဒါ၏

အင်ကြင်းပန်းများ
မရှိပါ…

မေရီအင်တွိန်းနက်၏

ကိတ်မုန့်တစ်လုံး
မရှိပါ…။


 

 


ကျွန်တော်တွင်

ရေခဲရိုက်ထားသည့်

အတ္တအနည်းအကျဉ်း ရှိသည်…

ကျွန်တော်သည်

ကျွန်တော်ဖြစ်ကြောင်း ထောက်ခံပေးမည့်

မှတ်ပုံတင်ကဒ်ပြားတစ်ခု ရှိသည်…

မောင်ချောနွယ်၏

ကဗျာပေါင်းချုပ်တစ်အုပ် ရှိသည်…

ပွက်ပွက်ဆူနေသည့်

ခေါင်းမာမှု တစ်ချို့ ရှိသည်…

ဆေးရည်စိမ်ထားသည့်

ဗန်ဂိုး၏ နားရွက်ပြတ်တစ်ခုရှိသည်…

လူအများ၏

အထင်အမြင်သေးမှု ရှိသည်…

ငှားထားသည့် သစ္စာနီ၏

နားမလည်ဘူး အင်္ကျင်္ီတစ်ထည်ရှိသည်…

လူတစ်ချို့၏

ရန်စောင်တိုက်ခိုက်မှု ရှိသည်...

ရပ်နေသည့်

နာရီတစ်လုံး ရှိသည်…

ပြဇာတ်မဆန်သည့်


အသည်းကွဲပြဇာတ် တစ်ပုဒ် ရှိသည်…

အထီးကျန်ခြင်း

အမြောက်အမြား ရှိသည်…

ငါးစာတပ်ဖို့မေ့လျော့နေခဲ့သည့်

ငါးမျှားချိတ်တစ်ချောင်း ရှိသည်….
Kurt Cobain ထံမှ ရသည့်

စီးကရက်ခြောက်လိပ် နှင့်

အချိုရည်တစ်လုံး ရှိသည်…။


 

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အလွမ်း


လွမ်းလိုက်တာ…


တစ်နေ့ ၂၄ နာရီဟာ ငါ့အတွက်တော့ ၂၄ ကမ္ဘာများလား


ဟန်ဆောင်အပြုံးတွေနဲ့ တစ်နေကုန်ဟန်လုပ်နေတဲ့ ဒီမျက်နှာဟာ


တစ်နေ့တာကုန်ဆုံးခြင်းရဲ့ နားခိုရာအိပ်စက်ခြင်းမှာတော့


ချောက်ကမ်းပါးအပြည့်လောက်နီးနီးရှိတဲ့ အလွမ်းမျက်ရည်တွေနဲ့ပေါ့


အခုအချိန်မှာတော့ ငါဟာ Romeo နဲ့ Juliet တို့ရဲ့ အလွမ်းဇာတ်ကို ကိုယ်ချင်းစာတတ်ပြီပေါ့








လွမ်းလိုက်တာ…


ငါ ဘယ်သူ့ဆီက ဘယ်တုန်းကမှမရခဲ့တဲ့


သူ့ရဲ့ ဂရုစိုက်မှုနဲ့ အကြင်နာ


သူ့ရဲ့ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု


သူ့ရဲ့ မနူးညံ့ပေမဲ့ နှစ်သိမ့်နိုင်တဲ့ လက်တစ်စုံနဲ့ Jell မလိမ်းထားတဲ့ ဆံပင်ခပ်ကြမ်းကြမ်းလေးတွေ


ငါ မမျှော်လင့်တဲ့အချိန်မှာ တိတ်တခိုးပေးခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့အနမ်း








လွမ်းလိုက်တာ…


မင်းကမသိပေမဲ့ မင်းရဲ့အသံကို ငါနားထောင်ခဲ့တာ ဘယ်နှစ်ကြိမ်းမှန်းမသိ


မင်းကမသိပေမဲ့ မင်းရဲ့ Blog တွေကို နေ့စဉ်နဲ့အမျှ Internet ပေါ်တက်ကြည့်မိတာ ဘယ်နှစ်ခေါက်မှန်းမသိ


မင်းကမသိပေမဲ့ မင်းဓာတ်ပုံလေးတွေကို လူလစ်တုန်းကြည့်ပြီး ခိုးနမ်းခဲ့တာ ငါ့အပြင် ဘယ်သူမှမသိ


မင်းကမသိပေမဲ့ ဘုရားမှာ မင်းနဲ့ဆုံဖို့ ဆုတောင်းရတာ မင်းကြားရင် အမြင်တောင်ကတ်လောက်တယ်


မင်းကမသိပေမဲ့ ကြယ်ကြွေချိန်မှာ ဆုတောင်းလိုက်တာ… မင်းနဲ့တစ်နေ့ ဆုံဆည်းဖို့ပါ




စာကြွင်း


ချစ်သူကတော့ ယုံဖို့နေနေသာသာ ကွယ်ရာမှာတောင် ကြိတ်လှောင်ချင်လှေင်နေဦးမှာ…





ဝိုင်


၂၀ ၊ ၄ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဇာတ်ညွှန်းအမှားနဲ့လူ (၂)

တခါတလေကျတော့လည်း
အတိတ်ကိုပြန်ပြန်တွေးရတာ သိပ်အရသာရှိတာပဲ။
ဒါကြောင့်လည်း စမြုံ့ပြန်တယ်ဆိုတဲ့စကား ပေါ်လာတာဖြစ်မယ်။

ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ…
သစ်ပင်သစ်ရွက်တွေ စိမ်းစိုနေတာနဲ့၊ ခြောက်သွေ့နေတာ
အသင်! ဘယ်ဟာကြိုက်သလဲလို့ မေးလာရင်
အားလုံးပဲ စိမ်းစိုနေကြမှာပါ။

ဒါပေမဲ့…
ကျွန်တော်ဆိုတဲ့သစ်ပင်ကတော့ စောစောစီးစီးပဲခြောက်သွေ့ခဲ့ပါတယ်။
ကျွန်တော်ဟာ အဆိပ်ရှိတဲ့လေကို ရှူခဲ့မိတာဘဲ…
အဲဒီ့လိုပြောမယ်ဆိုရင်
ကျွန်တော်ဟာ ဆင်ခြေဆင်လက်တော်တော်များတာဘဲ
မဟုတ်ဘူး!
ကျွန်တော်ဟာ အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့တာပါ။

တကယ်တော့…
သိသိချင်းပဲ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
တကယ်ကိုပါပဲ
ကျွန်တော့်ကိုယ်တွှင်းမှာရှိတဲ့ Real Time Editing စနစ်က ပျက်စီးနေခဲ့ပြီးပါပြီ။



ရင်မင်း
၂၆ ၊ ၁ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ယုံကြည်မှု၏ အခြားတစ်ဘက်၌


ဒီနေ့ ဝတ္ထုတိုတစ်ပုဒ်ကို ရေးမယ်လို့ စိတ်ကူးတော့ ကျွန်တော်ဘယ်ကစရေးရမလဲလို့ မဆုံးဖြတ်နိုင်ခင် ကျွန်တော်တွေးမိတွေးရာရေးချဖို့ဆိုတော့ ခင်ဗျားတို့စိတ်ဆိုးမယ်ဆိုပေမဲ့ အသေအချာမသိရခင် ကျွန်တော့်ဘက်က ဘာဆင်ခြေမှမပေးနိုင်တဲ့အတွက် ခင်ဗျားတို့ မယုံကြည်ရာရောက်ပေမဲ့ ကျွန်တော်က ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ဖို့ ဝါသနာထုံတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပြီး ခင်ဗျားတို့ ခွင့်မလွှတ်လည်း ရေးချင်ရာရေးမဲ့ အကြောင်း တင်ကြိုပြောကြားထားခဲ့ပါသည်။

သတင်းအစုံအလင်မှာ ခွေးနှစ်ကောင်ကိုက်ခြင်းသည် သမိုင်းမဖြစ်ခဲ့ပေမဲ့၊ ခွေးနှစ် ကောင်ကိုက်ရသည့်အကြောင်းသည် သမိုင်းဖြစ်နိုင်သည်ဟု ကျွန်တော့်ဘက်က အခိုင်အမာ ပြောဆိုခဲ့သော်လည်း ခင်ဗျားတို့ဘက်က မယုံကြည်လျှင် ဘာမှ ပြောစရာမရှိပါ။ သို့ပေမဲ့ ခွေးနှစ်ကောင်ကိုက်ခြင်းမှာ ဘာမှမဖြစ်သော်လည်း ခွေးကဲ့သို့ လူနှစ်ကောင်ကိုက်ခြင်း မှာ လူအများ ဒုက္ခရောက်နိုင်သည်ရှိရာ၊ သင်တို့မယုံကြည်လျှင် ကျွန်တော့်ဘက်က သက်သေ ထုတ်မပြနိုင်သော်လည်း လူအများရှေ့မှာ မိကျောင်းမင်း ရေခင်းမပြချင်ရာ၊ သင်တို့ဘက်မှ မယုံကြည်လျှင် ဂျော့ဒဗလျူဘုရှ်နှင့် ဆက်ဒမ်ဟူစိန်ဟူသည့် ခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် လူအများဒုက္ခရောက်ရကြောင်းကို သင်တို့ရော၊ ကျွန်တော်ရော သိနှင့်ပြီးဖြစ်ကြောင်း ကျွန်တော့်ဘက်က သိနှင့်သလို၊ သင်တို့ဘက်ကလည်း လက်ခံပြီးဖြစ်ကြောင်း ကျွန်တော်ရော၊ သင်တို့အားလုံးရော သဘောပေါက်ပြီးဖြစ်ပေလိမ့်မည်။

လောက၌ လူတို့သည် အသိဉာဏ်မဲ့လျှင် ခွေးထက်အသိဉာဏ်မဲ့ကြောင်း ပညာ မတတ်သည့် ကျွန်တော့်အမေသည် ကောင်းကောင်းသိသော်လည်း သင်တို့သိဖို့ရာ ကျွန်တော့် ဘက်က အာမမခံနိုင်သလို ကျွန်တော် ကိုယ်တိုင်ပင်လျှင် သိသည်လား၊ မသိသည်လား မဝေခွဲနိုင်ကြောင်း ဘွဲ့တွေရပြီး ပညာများစွာတတ်သည့် ကျွန်တော်က ပြောမည်ဆိုလျှင် သင်တို့ ဘာပြောမည်လဲ ကျွန်တော် မစဉ်းစားတတ်တော့ပါ။ ဒီနေရာတွင် သင်တို့ရော ကျွန်တော်ရော ဆက်ဆွေးနွေးမည်ဆိုလျှင် လက်ရှိပညာရေးအသိဗေဒအဆောက် အဦးမှစ၍ ရည်ရွယ်ချက်များအထိပါ ပြောဆိုဆွေးနွေးသွားနိုင်သော်လည်း ကျွန်တော့်ဘက်က ပြောချင် သည်မှာ ပညာရေးအကြောင်းမဟုတ်ဘဲ ခွေးနှစ်ကောင်ကိုက်ခြင်းအကြောင်း ဖြစ်နေပြန်ရာ ထိုအကြောင်းကို ဒီနေရာတွင်ရပ်ထား၍ သင်တို့ဘက်မှ ဆက်လက်ဆွေးနွေးချင် သည်ဆိုလျှင် နောင်အခါ ကျွန်တော်တို့ဆွေးနွေးနိုင်သည်ဟု ကျွန်တော့်ဘက်ကပြောလျှင် သင်တို့မည် သို့ဖြစ်မည်မသိသော်လည်း ကျွန်တော်က ပြောခဲ့ပြီးဖြစ်လေသည်။

အဓိက ကျွန်တော်ပြောချင်သည်မှာ ကျွန်တော်တို့ရပ်ကွက်၌ ခွေးနှစ်ကောင်ကိုက်သွား ခြင်းသည် မည်သို့မျှ မဖြစ်ခဲ့သော်လည်း၊ ထိုခွေးနှစ်ကောင်ကိုက်ရသည့် အကြောင်းရင်းအပေါ် တစ်ရပ်ကွက်လုံး အာရုံမရပေမဲ့ ကျွန်တော့်အတွက် သမိုင်းတွင်သွားခြင်းကြောင့်ဖြစ်ရာ ခွေးနှစ်ကောင်ကိုက်သည်ကို ရေးကြီးခွင်ကျယ်လုပ်ပြောသလိုဖြစ်နေမည်စိုး၍ မပြောဘဲနေ ချင်ပေမဲ့ မပြောလျှင်မနေနိုင်၍ ပြောခြင်ဖြစ်ကြောင်းပြောလျှင် သင်တို့မည်သို့ထင်မည်မသိ သော်လည်း ကျွန်တော့်ဘက်က ပြောခဲ့ပြီးဖြစ်လေသည်။ ဆိုလိုသည်မှာ ထိုခွေးနှစ်ကောင် ကိုက်ခြင်းသည် မည်သို့စကိုက်သည် မသိသော်လည်း ထိုခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် ရပ်ကွက်လူကြီးများပါမကျန် ထိုခွေးနှစ်ကောင်၏ ပိုင်ရှင်များနှင့်လက်သင့်သည် ရပ်ကွက် သားများမှာလည်း သူ့ဘက်ကိုယ့်ဘက်နှင့် အုံးအုံးကျွတ်ကျွတ် မတည့်ဖြစ်ကုန်ကြရာ ကျွန်တော့်အား ဇာချဲ့ပြောသည်ဟုထင်လျှင် ကျွန်တော်က မည်သို့မျှပြန်ပြောမည်မဟုတ်သော် လည်း သင်တို့မယုံကြည်လျှင် သင်တို့အပိုင်းဖြစ်ရာ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ဘက်မှ ဘာမှပြောစရာမရှိတော့ဟု ပြောချင်ပါသည်။

သို့သော်လည်း လူဆိုသည်မှာ ကိုယ်လုပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပြန်စဉ်းစားသည့် ဓလေ့မရှိသလောက်နည်းပါးခဲ့သော်လည်း၊ အကယ်၍ ပြန်စဉ်းစားခဲ့သော် ကိုယ့်သမိုင်းကို ရဲရဲရေးဖို့သတ္တိမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော ခေါင်းငြိမ့်ဖို့ရာ သွေးမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော နားလည်နေလိမ့်မည်ဟု မျှော်လင့်ပါသည်။ တကယ်တော့ သစ္စာနီပြောခဲ့သလို နောဧသင်္ဘောသည် မနေ့ညက နစ်မြုပ်ခဲ့ပြီးဖြစ်ပါသည်။

ရင်မင်းသစ်

၂၄ ၊ ၄ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ယင်ကောင်များ

ဖန်တီးရှင်ဆိုတဲ့သူက

*ပါဖောင့်မန့် သိပ်ကောင်းတယ်၊

လောကဓံရှစ်ပါးကို အချိုမှုန့်လေး၊ ဆားလေးခပ်ပြီးပြတယ်။


အားလုံးရူးသွပ်ခဲ့ပေါ့။

အလုအယက်တိုးဝှေ့

ကျော်ဟိန်းကြီး ဒုက္ခကိုဆေးဆိုးတာထက်

ရှစ်ဆပိုတယ်။


မယုံမရှိနဲ့ ကိုယ့်လူ!

မိုက်လိုက်တဲ့သူတွေများ

ဘဝဆိုတာ…

ဒါမျိုးလေးနဲ့မှ ပိုအရသာရှိတယ်တဲ့။


ရင်မင်း

၂၈ ၊ ၄ ၊ ၂၀၀၇


*performance

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဇာတ်ညွှန်းအမှားနဲ့လူ (၁)

ဟောဒီ့မှာ!

ကမ်းခြေပျောက်နေတဲ့ ငှက်တစ်ကောင်ပါ၊

သူ့ရင်ဘတ်ထဲ ပွင့်တဲ့ပန်းက

တစ်နယ်တစ်ကျေးမှာ မွှေးတယ်။


တကယ်တော့…

သူဟာ သတ္တိမရှိတဲ့ငှက်ပါ၊

မလိုအပ်ပဲ သွေးထွက်ထွက်နေတဲ့သူပေါ့။


မယုံမရှိနဲ့!

ပွဲပြီးမှ ဖျာရှာဖို့သတိရတဲ့သူ

သနားစရာ…

သူ့အတောင်ပံတွေနဲ့သူ ထိခိုက်လို့။


ပြီးတော့မှ…

ဒီလိုချော်တော့ငေါ့တယ်။

“ကြံဖန်ပြီး အားနာနေတာ” တဲ့၊

ရင်မင်း

၂၆ ၊ ၁ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အကောင်းမြင်သမား

ဝတ္ထုတို ၁ ပုဒ်တင်ပြီးပြီဆိုတော့ ဒီတစ်ခါ ကဗျာဘက်ပြန်လှည့်ဦးမယ်။ ကျွန်တော်တို့က အခု Post တွေ အများကြီးတင်နေတာက သင်္ကြန်တွင်း မတင်ဖြစ်မှာဆိုးလို့ပါ။ အခု ရင်မင်းရဲ့ အကောင်းမြင်သမား ကဗျာလေးတင်ပေးလိုက်ပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး…



အကောင်းမြင်သမား


ကျွန်တော်က လောကကြီးဆီက ဘာမှများများစားစား ယူခဲ့တဲ့သူ မဟုတ်ပါဘူး…

(i) သူလို၊ ငါလို ပုံမှန် အသက်ရှုခွင့်ရယ်…

(ii) သူလို၊ ငါလို စိတ်ကောက်တတ်တဲ့ ချစ်သူတစ်ယောက်ရယ်…

(iii) သူလို၊ ငါလို ဘဝမှာ နေထိုင်ခွင့် ဗီဇာရယ်…

ဒါကိုပဲ ကိုယ့်ကို ဘာလို့ အမြင်ကတ်နေသလဲကွယ်…

ကိုယ်လည်း မတောင်းခံပဲနဲ့

ဖဲကြိုးလှလှလေးထုပ်ပြီး

လောကဓံ ရှစ်ပါးမှာ တစ်ပါးပိုပေးခဲ့တယ်…


ကိုယ် ဘာမှ မပြောတော့ပါဘူး…

သူ့အမြင်မှာ ကိုယ်ကဘဲ ထောင့်မကျိုးဖြစ်နေသလား…

ခက်တော့လည်းခက်တယ်

ကိုယ်ကလည်း အများနဲ့ လိုက်လျောညီထွေနေရဖို့ဆို

တီကို ဆားနဲ့တို့တာထက် ဆိုးတယ်…


ဘာပဲပြောပြောလေ…

ကိုယ့်အတွက်

ဒီလိုနေရာလေး တစ်နေရာဖန်တီးပေးခဲ့တဲ့

ဟိုမုတ်ဆိတ်နဲ့ ပုဂ္ဂိုလ်ကို ကျေးဇူးတင်ပါတယ်…

ကိုယ် စဉ်းစားထားပါတယ်…

ကိုယ် ထီပေါက်တဲ့နေ့ကျရင်

သူ့အတွက် အရက်တစ်ပုလင်းလောက် ဝယ်ပို့ပေးဦးမယ်…


ကိုယ့်ကို မျက်စိမနောက်ကြပါနဲ့…

ကိုယ်က မင်းခိုက်စိုးစန်လောက် စိတ်ပုတ်တဲ့သူတောင် မဟုတ်ပါဘူး…

ဘာတဲ့! သူပြောတာ…

“ကမ္ဘာကြီးသာ အပြားကြီးဆိုရင် ကြည့်မရတဲ့သူတွေကို အစွန်းကို ချော့ခေါ်သွားပြီး တွန်းချပစ်မယ်” ဆိုလား…

ဝန်ခံချက်။ ။စာရေးဆရာကျော်အောင်၏ “အကောင်းမြင်သမား” ဘာသာပြန်ဝတ္ထုခေါင်းစဉ်အား ယူသုံးထားပါသည်။

ရင်မင်း

ဧပြီလ ၊ ၈ ရက် ၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ဒုတိယပိုင်း)

ဒီတစ်ခေါက်တော့ ပြီးခဲ့တဲ့အခေါက်က တင်ပေးခဲ့တဲ့ Post ရဲ့ အဆက် ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ဒုတိယပိုင်း) ကို တင်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အခက်အခဲလေးတွေကြောင့် ၂ ပိုင်းခွဲပြီးတင်ပေးရတာ တောင်းပန်ပါ တယ်။ ဒီ့ထက်ဒီ့ ပိုကောင်းအောင် ကျွန်တော်တို့ဘက်က ကြိုးစားနေပါတယ်။ ကဲ ဒုတိယပိုင်းလေး ခံစားကြည့်ကြပါဦး…

-----------------------------------------*************-----------------------------------

“Blues Rhythem သိပ်ကြိုက်တယ်၊ သိပ်ကောင်းတဲ့နာမည်ပဲ…”

နာမည်လေးအပေါ် ရူးသွပ်ခုံမင်လွန်း၍ ကဖီးဆိုင်အတွင်းသို့ ဝင်ထိုင်လိုက် သည်။ တခါတလေလူတွေက အဲဒီ့လိုပဲ၊ အစားအသောက် အရသာမရှိလည်း နာမည်သဘောကျလို့၊ အပြင်အဆင်သဘောကျလို့ ထိုင်ချင်ကြသည်။

ကျွန်တော် ဝင်ထိုင်လိုက်သည့်စားပွဲနှင့် မျက်နှာချင်းဆိုင်စားပွဲတွင် ကျောပေး ၍ ထိုင်နေသောကောင်မလေး၊ ဟုတ်တယ် ကောင်မလေး၊ ဆံပင်အရှည်ကြီးနှင့်ဆိုတော့ ကောင်မလေးပေါ့။ ကျွန်တော့် တစ်ကိုယ်လုံး စီးဆင်းနေတဲ့သွေးတွေ ရှိန်းဖိန်းသွားသည်။ အိတွဲနေတဲ့ ဆံပင်အရှည်ကြီးတွေကို တခုပ်တရနမ်းပစ်လိုက်ချင်သည်။ ပျော့ဆင်းအိတွဲ နေတဲ့ ဆံပင်အရှည်ကြီးတွေလေ။ တစ်လုံးချင်းထွက်ပေါ်နေတဲ့ စန္ဒယားသံတွေလေ… ကျွန်တော့်ကို သူ့ဆံပင်ရှည်ကြီးထဲမှာ ရစ်ခွေပျော်ဝင်သွားစေခဲ့တယ်။ သူ၊ ထိုင်ခုံကထအထွက် ကျွန်တော့်ဘေးကအဖြတ်၊ သူ့ဆံပင်တွေထက် တလိမ့်ကောက်ကွေး ချိတ်ပါသွားခဲ့တယ်။ သူ့မျက်နှာစူပုတ်ပုတ်လေးက တစ်ခုခုကို စိတ်ကောက်နေမှန်း သိပ်သိ သာတယ်။

“မင်း ဘာဖြစ်နေတာလဲ၊ ကောင်မလေးရယ်။ ပြုံးနေရင် ပိုလှမယ်ဆိုတာ မင်းမသိဘူးလား”

သူကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ တစ်ချက်ပြုံးပြီး (အား… အရမ်းလှတယ်ဗျာ…) “အခုလို ဂရုစိုက်တာ ကျေးဇူးတင်ပါတယ်။”

“ကျွန်မရဲ့ သိပ်ဆိုးတဲ့ချစ်သူက ကျွန်မကို ထားရစ်ခဲ့တယ်လေ။”

“အဲဒီ့လိုဆိုရင် မင်းရဲ့ကြွေကွဲမှုတွေကို ဟိုးရှေ့က အမှိုက်ပုံးထဲ သွားထည့် လိုက်တော့။ မင်းရဲ့အပြုံးပေါ်မှာ ပန်းရောင်နုနုလေးတင်ပေးဖို့ ကိုယ့်ကိုခွင့်ပြုပါ။”

သူ ကျွန်တော့်ကို နမ်းလိုက်တယ်။ ကျွန်တော် သူ့နှုတ်ခမ်းတွေထက်က စတော်ဘယ်ရီအရသာပေါ် တမေ့တမော…

ကျွန်တော်တို့နှစ်ယောက် အတူလမ်းလျှောက်ကြရင်း လမ်းတစ်လျှောက် ဆိုင်းဘုတ်တွေ ဖတ်သွားသည်။ တစ်နေရာရောက်တော့ ကျွန်တော် ခွက်ထိုးခွက်လန်ရီ ပါလေရာ။ သူ ကျွန်တော့်ကို ပြူးကြောင်ကြောင်ရွံရှာတဲ့ အကြည့်နဲ့ကြည့်နေသည်။ ရုတ်တ ရက်အရီရပ်လိုက်ပြီး ငါဘာမှားသွားပါလိမ့်၊ မရီရတဲ့ဟာကို ရီမိတာလား၊ ဘာဖြစ်လို့လဲ မသိဘူး။ ကျွန်တော့်အတွေး မဆုံးခင် -

“ရှင့်ပါးစပ်ထဲက ပိုးစားနေတဲ့ သွားကြီးကို ဘာလို့နှုတ်မပစ်တာလဲ၊ သိပ်ရွံစရာ ကောင်းတာပဲ။ ဒီကအပြန် သွားဝင်နှုတ်ရအောင်။”

“ဟာ… အဲဒါတော့မဖြစ်ဘူး၊ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ သူနဲ့နေလာ တာ အနှစ် ၂၀ ရှိနေပြီပဲ၊ အခုမှ အသုံးမလိုဘူးဆိုပြီး မပစ်ပယ်နိုင်ဘူး။”

“ရှင် အရူးပဲ၊ အဲဒီ့သွားကို နှုတ်ကိုနှုတ်ရမယ်၊ ကျွန်မ ဒီသွားကို ဆွဲနှုတ်ပစ်မယ်။”

“ဟေ့! မင်းရူးနေလား? ဒီသွားကို ငါ မနှုတ်နိုင်ဘူး၊ Bitch!” ကျွန်တော် ဆဲရေး ပစ်လိုက်သည်။ ကျွန်တော် သူ့ကို တစ္ဆေတစ်ကောင်လို မြင်လာသည်။ ကျွန်တော် အော်ဂ လီဆန်လာသည်။ သူ ကျွန်တော့်သွားကို အတင်းဆွဲနှုတ်ဖို့ ကြိုးစားနေသည်။ ကျွန်တော် သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တယ်၊ ပြီးတော့ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ အခု တော့ အာဖဂန်နစ္စတန်ဗုံးဒဏ်တွေကြားက လွတ်မြောက်လာတဲ့ သူတစ်ဦးလို ကျွန်တော် ပေါ့ပါးနေတော့တယ်။

ပထမပိုင်းသို့

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ပထမပိုင်း)

အခုတစ်ခေါက်တော့ ဝါသနာရှင်တွေအနေနဲ့ ကဗျာတွေချည်းဖတ်ရတာ ငြီးငွေ့လောက်ပြီဆိုပြီး အသစ်ဖြစ်သွားအောင် ရင်မင်းရဲ့ ခေတ်ပေါ်ဝတ္ထုတိုလေးတစ်ပုဒ်ကို Blog မှာ Post လုပ်ပေးပါ့မယ်။ A4 နဲ့ဆို ၃ မျက်နှာလောက်ရှိတာဖြစ်လို့ ကျွန်တော်တို့ ၂ ပိုင်းခွဲ ပြီး တင်ပေးပါ့မယ်။ ဒီဝတ္ထုတိုလေးက ရင်မင်း တက္ကသိုလ်ကျောင်းသားဘဝတုန်းက ရေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ပတ်ဝန်းကျင်လောက်က ရေးထားတာ ဖြစ်ပါတယ်။ ပျောက်နေတာကြာပါပြီ။ ပြန်တွေ့တဲ့အခါကျတော့ ဒီခေတ်နဲ့ နောက်မကျသေးဘူးဆိုပြီး Blog မှာတင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖတ်ပြီးတော့ ဝေဖန် Comments ပေးရမှာက တော့ စာဖတ်သူ ကိစ္စပါ။ ကျွန်တော်တို့ကတော့ တင်ပေးလိုက်ပါပြီ။ ခံစားကြည့်ကြပါဦး…





ပိုးစားသွားတစ်ချောင်းနှင့် ပတ်သတ်၍




တစ်ညလုံးအိပ်မရသည့်ဒဏ်ကြောင့် မျက်လုံးတို့ ကြိမ်းစပ်၍ ပြာနေသည်။ မနေ့ညက တစ်ညလုံး သူ အိပ်မရခဲ့။ သွားကိုက်သည့် ဝေဒနာမှာ ဆိုးပေစွ။ တစ်ညလုံး ကျွတ်… ကျွတ်၊ ကျွတ်…ကျွတ်နဲ့ ဟိုလှိမ့်၊ ဒီလှိမ့်၊ ကြာတော့ ကျောပူ၊ ထထိုင်၊ ကြာတော့ ပျင်း၊ ပျင်းတော့ ပြန်အိပ်၊ မိုးသာ လင်းသွားသည်။ တစ်ရေးမှ မအိပ်ရ။ မနေ့ညက လွယ် လွယ်တွေး၍ ဆားရေငုံ ပလုတ်ကျင်းခဲ့ရာ သွားကိုက်သည့်ဝေဒနာမှာ ကောင်းကောင်းဒုက္ခ ပေးပြီ။ အခုမှ မနက်အစောကြီး၊ ဆေးခန်းမဖွင့်လောက်သေး။ သီချင်းနားထောင်ပြီး မှေးနေရအောင်ကလည်း မီးကပျက်။ အဆင်မပြေမှုတစ်ခုနှင့် ကြုံလျှင် အဆင်မပြေမှုတွေ

ဆက်တိုက်စောင့်နေတတ်သည်က လောကပါလတရားလား။ လောကပါလတရားဆိုမှ လောကပါလအဓိပ္ပါယ်က ဘာမှန်းမသိ။ အာခေါင်တွေခြောက်လာသည်နှင့် မသိတာတွေ ခဏချ၍ ရေတစ်ခွက်အပြည့် သောက်ချလိုက်သည်။ နည်းနည်းလန်းသလိုရှိလာ။ ဗိုက်နာ လာသည်နှင့် အိမ်သာထဲဝင်လိုက်သည်။ ဆေးခန်းရောက်လို့ ဆရာဝန်က သွားနှုတ်ရမယ် ဆိုဒုက္ခ။ဒီသွားကြီးနဲ့ အတူတူနေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ အားနာစရာကြီး။ ပြီးတော့ နှုတ်ပစ်မှာဆိုတော့ အတော်နာမှာ။ နာမှာဆိုမှ ကြက်သီးမွှေးညှင်းများ ထသွား သည်။ လူတွေမှာအကြောက်တရားကို ဘယ်သူလက်ဆော့ပြီး ထည့်လိုက်သည် မသိ။ နေရထိုင်ရ အတော်ခတ်သည်။ နေရထိုင်ရခက်မှ နာလာပြန်ပြီ။ “ဒီသွားနဲ့တော့ ဒုက္ခပဲ…“ ဆေးခန်းပြရင် နှုတ်မှာဆိုတော့ မသွားရင်ကောင်းမလား? ဟုတ်တယ်မသွားတော့ဘူး။ ဟာ! ပါးတွေပါရောင်နေပြီ။ မှန်ကြည့်မိမှပဲ သိတော့တယ်။ သွားကလဲကိုက်လွန်းလို့ ထုံ နေပြီ။ သေမဲ့အချိန်ကို အတိအကျသိနေတဲ့ လူုတစ်ယောက်လို ကြောက်ရွံ့ထိတ်လန့်စွာ သွားဆေးခန်းကို ဦးတည်လိုက်တယ်။

“အင်း… ခင်ဗျားသွားတွေ မရတော့ဘူးဗျ။ တော်တော်ဆိုးနေပြီ။ ပိုးတွေ စားထားတာလည်း ရစရာမရှိဘူး။ နှုတ်မှရမှာ၊နှုတ်ပစ်လိုက်တာအကောင်းဆုံးပဲ။”

“အာ… အဲဒါတော့မဖြစ်ဘူး။ မနှုတ်လို့မရဘူးလား။ မနှုတ်ပဲနဲ့ ကောင်းအောင် လုပ်ပေးပါဗျာ…”

“မရဘူးဗျ။ မကောင်းတာကြီးကို ပေကပ်နေလို့ မရဘူးလေ။ နည်းနည်းပါးပါးတော့ နာမှာပေါ့။ ယောက်ျားပဲဗျာ… လောကမှာ ခြေမ - မကောင်း၊ ခြေမ၊ လက်မ - မကောင်း၊ လက်မ ဖြတ်ပစ်ရမှာပဲ၊ အဲဒါ… သဘာဝပဲလေ…”

ဘာဗျ

ဝုန်း၊ ခွပ်

ထောင်းခနဲ ထွက်လာတဲ့ ဒေါသနဲ့အတူ သူ့မျက်နှာ မဲပျစ်ပျစ်ကြီးကို ထိုးပစ်လိုက်သည်။ ပြီးတော့ ဆေးခန်းမှ ချာခနဲ လှည့်ထွက်ခဲ့သည်။ ဆေးခန်းအပြင် ရောက်သည်အထိ ဒေါသတို့က ကျွန်တော့်ကိုယ်ပေါ်သို့ ရွစိရွစိနဲ့ (ပုရွက်ဆိတ်များလို) တက်နေတုန်း။ လူတွေက အဲဒါပဲ၊ တစ်ကိုယ်ကောင်း သိပ်ဆန်လွန်းတယ်။ တစ်သက်လုံး အတူတူနေလာ၊ တစ်သက်လုံး အကျိုးပြုလာ၊ သူတို့အတွက် အသုံးမဝင်တော့မှန်း ရိပ်မိလာရင် ဖျက်ဆီးပစ်ဖို့ (စွန့်ပစ်ဖို့) ကြိုးစားကြတော့တာပဲ။

“ငါ မင်းတို့လို မဟုတ်ဘူးဟေ့၊ ငါ မင်းတို့လို ဘယ်တော့မှ မယုတ်မာဘူး၊ ငါ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ ဒါပဲ။”

စိတ်ရှိလက်ရှိ ကျုံးဝါးအော်ဟစ်ပစ်လိုက်သည်။ အခုမှ ကျွန်တော့်တစ်ကိုယ် လုံး ပေါ့ပါးသလိုရှိလာသည်။

လမ်းထိပ်မှာ ဘတ်(စ်)ကားတွေ တန်းစီရပ်ထားတာတွေ့တာနဲ့ ကျွန်တော် လည်း တက်လိုက်လာခဲ့သည်။ ကားပေါ်ကအဆင်း “ရတနာပုံတက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တန်းတွေ့ရသည်။ ထိုကျောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လမ်းဆက် လျှောက်လာခဲ့သည်။

“Blues Rhythem”

ပါးစပ်မှ တိုးညှင်းဖွလျစွာ ရွတ်မိလျက် ဖြစ်သွားသည်။

ဒုတိယပိုင်းသို့

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

သူဖန်ဆင်းတဲ့ လောကဓံ

ဟောဒီ့ကဗျာလေးကတော့ ကျွန်တော်တို့ “မြန်မာလူငယ်အနုပညာရှင်များ” Blog မှာ အသစ်တင်တဲ့ Post လေးတစ်ခုပါ။ ခံစားပေးကြပါဦး… ဒီကဗျာလေး ကို ကဗျာဆရာ ရင်မင်း ကပဲ ရေးဖွဲ့ထားပြီး သူဖန်ဆင်းတဲ့ လောကဓံ လို့ အမည်ပေးထား ပါတယ်။ ကဗျာခေါင်းစဉ်က “သူ” ကတော့ ဘုရားသခင်ဆိုတဲ့သူကိုပဲ ပြောသလား၊ သူ့ ကိုယ်သူပဲပြောသလား မသိဘူး။ ဒီကဗျာလေးမှာ ကဗျာဆရာက ဘဝဆိုတာ အရက် သောက်တာနဲ့တူတယ်လို့ သူ့အမြင်ကို တင်ပြထားပါတယ်။ လက်ခံတာ… မခံတာ ခင်ဗျားတို့ အပိုင်းပဲ၊ သူက သူ့ခံစားချက်ကို ပြောတာပဲပေါ့။ နောက်ပြီး ဘုရားသခင် ကိုလည်း သူကလှောင်ထား သေးတယ်၊ ဘုရားသခင်က နောက်တီးနောက်တောက်နဲ့ ကလေးကုလား၊ ရှုံ့ချီနှပ်ချီနဲ့လို့ သူကမြင်ထားပုံရတယ်။ ဘုရားသခင်က လူသားတွေကို ကစားနေတယ်လို့ သူက ဆိုချင်ပုံပဲ။ ဒီကဗျာဆရာရဲ့ လောကကြီးကို ရှုမြင်ပုံက ကြွက်မနိုင်လို့၊ ကျီမီးနဲ့ ရှို့သလို အားလုံးကို လိုက်လှောင်နေသလိုဘဲ၊ ကဲထားပါ၊ ဒီကဗျာထဲမှာပါတဲ့ အမြင်တွေကို လက်ခံလည်းရတယ်၊ လက်မခံလည်းရတယ်၊ လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ခွင့် ရှိတယ်၊ ကျွန်တော်တို့ ပြချင်တာက ကဗျာပဲ၊ အငြင်းအခုန်မဟုတ်ဘူး၊ ခင်ဗျားဖတ်ရင်းနဲ့ မခံစားနိုင်ရင် ပိတ်ပစ်လိုက်ဗျာ…


သူဖန်ဆင်းတဲ့ လောကဓံ

မျှော်လင့်ခြင်း ပျိုးပင်တွေ

ဟောဒီ့ရင်ဘတ်နဲ့ အပြည့်

ကိုယ် ထွန်ယက်ထားခဲ့သမျှ

ရိတ်သိမ်းချိန်ဟာ ခရီးလွန်နေလေရဲ့။


“ဘဝဆိုတာ…

အရက်သောက်သလိုပါဘဲ…”

သောက်စတော့ စူးစူးပြင်းပြင်းနဲ့ရင်ခုန်စရာ

အရက်ဝိုင်းရဲ့ မွန်းတည့်ချိန်မှာတော့

တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ပစ်ပေါက်

(သူ့ဘဝရဲ့ရွှေထီးကို လူတွေရှေ့ထုတ်ထုတ်ပြလို့)

ဟော! ပုလင်းလည်းနေဝင်ရော

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်

ခြောက်ကပ်၊ ပြီးဆုံး

ကမ္ဘာတစ်ခုလုံး ပျောက်ဆုံးတဲ့နေ့ပေါ့။


ဘုရားသခင်ဟာ…ရီစရာကောင်းတယ်

ကံစမ်းမဲနှိုက်ခွင့်ပေးတယ်

တစ်ခြားသူတွေ လိုက်မမှီနိုင်တဲ့ဘဝကို

အိပ်မက်ထဲ ကြဲချ၊

ကိုယ့်လက်ထဲ ဆုပ်ကိုင်မိတဲ့အချိန်မှာဘဲ

တစ်ဖက်လမ်းက ပြန်သိမ်းယူ

လူကိုတိတ်တိတ် ကြိတ်လှောင်တယ်။

ရင်မင်း

ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဆေးခတ်ခံရတဲ့ အိပ်မက်

အခုလည်း ကဗျာဆရာ ရင်မင်း ရဲ့ ဆေးခတ်ခံရတဲ့ အိပ်မကကဗျာတစ်ပုဒ်ကို ထပ်တင်ပေးလိုက်ပါတယ်။ ဒီကဗျာလေးကတော့ ပေါ့ပေါ့ပါးပါးရေးထားတဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ပါ။ ခင်ဗျားတို့လည်း ခံစားချက်တိုက်ဆိုင်တယ်ဆိုရင် အမှန်အကန် ဝင်ခံစားလို့ရတယ်နော်… အရှော်ခံလိုက်ရတဲ့ သူ့ရင်ဘတ်ကြီးထဲက ခံစားချက်တွေအကြောင်းရေးထားတာပါ။ ဘာပဲပြောပြော ဒီကဗျာကိုဖတ်ပြီး ခင်ဗျားတို့ ခံစားချက်ကို Comments မှာ ပြန်ရေးလို့ရပါတယ်…


ဆေးခတ်ခံရတဲ့ အိပ်မက်

အခုတော့လည်း

ဘာပဲပြောပြော နေဝင်ခဲ့ပြီ….

ကောင်မလေးရယ်…

စံပါယ်တွေကြွေအောင် မပြုစားပါနဲ့

ဘဝမှာ… အလွမ်းအမောတွေများတယ်။

ဟိုး… ရှေ့က ညနေကြယ်

ကိုယ့်အိပ်မက်ထဲမှာ

သူကလဲ အဓိကဇာတ်ဆောင်တစ်ယောက်ပါ၊

ဘာမှမပြောကြပါနဲ့……သူငယ်ချင်းတို့ရယ်

ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။

(အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို

ချစ်မိတဲ့ နေရာမှာပေါ့။)

ဘဝမှာ… တစ်သက်လုံး

အိပ်မက်က လန့်နိုးဖို့မေ့နေခဲ့သူပေါ့။

ထားပါလေ…

ကောင်မလေးနဲ့ပတ်သတ်ပြီး

ကိုယ်ဟာအခန်းရဲ့ထောင့်မှာ တစ်ယောက်ထဲနေတတ်ခဲ့ပြီ၊

(တစ်ခန်းလုံးအမှောင်ချပြီးတော့ပေါ့။)

အိပ်မက်ရဲ့အပေါ်ယံ

ဆေးသကြားများကို မြိန်ရေရှက်ရေ နှစ်ခြိုက်ခဲ့မိပြီ၊

စကားလုံး နုနုရွရွနောက်က

ဓားတစ်လက်အပေါ်မှာလည်း ယုံကြည်တတ်ခဲ့ပြီ၊

ဘာမှမပြောကြပါနဲ့……।သူငယ်ချင်းတို့ရယ်

ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။

ရင်မင်း

ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အချစ်

ဒီတစ်ခေါက် ကျွန်တော်တို့ Post လုပ်ဖို့ ရွေးချယ်ထားတဲ့ ကဗျာလေးကတော့ “အချစ်” ဆိုတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲဆိုတော့ ကဗျာဆရာ ရင်မင်းပါပဲ။ ကဗျာအချိုလေး တစ်ပုဒ်ပါပဲ၊ ဒီကဗျာလေးကို ကဗျာဆရာ က သူတက္ကသိုလ်ကျောင်းသား ဘဝတုန်းက ရေးထားတာပါတဲ့။ အဲဒီ့အချိန်တုန်းက သူတွေ့ ခဲ့တဲ့ ကောင်မလေးကို သိပ်ချစ်လွန်းလို့ ပွင့်ထွက်လာတဲ့ ကဗျာတစ်ပုဒ်လို့ ဝန်ခံထား ပါတယ်။ သူ့ချစ်သူ ကောင်မလေးက သူနဲ့ သူမိဘတွေကြား ရွေးရခက်နေတုန်း သူရေးထားတဲ့ ကဗျာလေး ပါတဲ့။ ခံစားကြည့်ကြပါဦး…

အချစ်

ဟောဒီ့ ပါဆယ်လ်ထုပ်ကလေးထဲ

တစ်ဘဝစာ မင်းအတွက်

အချစ်တွေ ပါတယ်၊

“ကိုယ် မင်းကိုသိပ်ချစ်တယ်”

အဲဒီ့လောက် ရိုးရှင်းခဲ့လို့

နားမလည်ခဲ့တာလား…

ဖြစ်နိုင်ရင်

နှစ်ယောက်တည်း နားလည်မဲ့

ဘာသာစကားအသစ်တွေ ဖန်တီးပစ်ချင်ရဲ့။

ကောင်မလေးရယ်…

ကိုယ့်မှာ အလွမ်းခါးခါးတွေချည်းမျိုချနေရတာ

ရင်ဘတ်ကြီးတစ်ခုလုံးကို စုတ်ပြတ်လို့။

ရဲရင့်လိုက်စမ်း…

တစ်လောကလုံးကို ရင်ဆိုင်ဖို့၊

လာ!

ကိုယ့်ရဲ့ လက်ကိုတွဲ

ကမ္ဘာကြီးရဲ့ လမ်းတွေပေါ် လျှောက်ကြစို့။

ရင်မင်း

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.