ဝတ္ထုတို ၁ ပုဒ်တင်ပြီးပြီဆိုတော့ ဒီတစ်ခါ ကဗျာဘက်ပြန်လှည့်ဦးမယ်။ ကျွန်တော်တို့က အခု Post တွေ အများကြီးတင်နေတာက သင်္ကြန်တွင်း မတင်ဖြစ်မှာဆိုးလို့ပါ။ အခု ရင်မင်းရဲ့ အကောင်းမြင်သမား ကဗျာလေးတင်ပေးလိုက်ပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး…



အကောင်းမြင်သမား


ကျွန်တော်က လောကကြီးဆီက ဘာမှများများစားစား ယူခဲ့တဲ့သူ မဟုတ်ပါဘူး…

(i) သူလို၊ ငါလို ပုံမှန် အသက်ရှုခွင့်ရယ်…

(ii) သူလို၊ ငါလို စိတ်ကောက်တတ်တဲ့ ချစ်သူတစ်ယောက်ရယ်…

(iii) သူလို၊ ငါလို ဘဝမှာ နေထိုင်ခွင့် ဗီဇာရယ်…

ဒါကိုပဲ ကိုယ့်ကို ဘာလို့ အမြင်ကတ်နေသလဲကွယ်…

ကိုယ်လည်း မတောင်းခံပဲနဲ့

ဖဲကြိုးလှလှလေးထုပ်ပြီး

လောကဓံ ရှစ်ပါးမှာ တစ်ပါးပိုပေးခဲ့တယ်…


ကိုယ် ဘာမှ မပြောတော့ပါဘူး…

သူ့အမြင်မှာ ကိုယ်ကဘဲ ထောင့်မကျိုးဖြစ်နေသလား…

ခက်တော့လည်းခက်တယ်

ကိုယ်ကလည်း အများနဲ့ လိုက်လျောညီထွေနေရဖို့ဆို

တီကို ဆားနဲ့တို့တာထက် ဆိုးတယ်…


ဘာပဲပြောပြောလေ…

ကိုယ့်အတွက်

ဒီလိုနေရာလေး တစ်နေရာဖန်တီးပေးခဲ့တဲ့

ဟိုမုတ်ဆိတ်နဲ့ ပုဂ္ဂိုလ်ကို ကျေးဇူးတင်ပါတယ်…

ကိုယ် စဉ်းစားထားပါတယ်…

ကိုယ် ထီပေါက်တဲ့နေ့ကျရင်

သူ့အတွက် အရက်တစ်ပုလင်းလောက် ဝယ်ပို့ပေးဦးမယ်…


ကိုယ့်ကို မျက်စိမနောက်ကြပါနဲ့…

ကိုယ်က မင်းခိုက်စိုးစန်လောက် စိတ်ပုတ်တဲ့သူတောင် မဟုတ်ပါဘူး…

ဘာတဲ့! သူပြောတာ…

“ကမ္ဘာကြီးသာ အပြားကြီးဆိုရင် ကြည့်မရတဲ့သူတွေကို အစွန်းကို ချော့ခေါ်သွားပြီး တွန်းချပစ်မယ်” ဆိုလား…

ဝန်ခံချက်။ ။စာရေးဆရာကျော်အောင်၏ “အကောင်းမြင်သမား” ဘာသာပြန်ဝတ္ထုခေါင်းစဉ်အား ယူသုံးထားပါသည်။

ရင်မင်း

ဧပြီလ ၊ ၈ ရက် ၊ ၂၀၀၇ ခုနှစ်

These icons link to social bookmarking sites where readers can share and discover new web pages.