ဟောဒီ့ကဗျာလေးကတော့ ကျွန်တော်တို့ “မြန်မာလူငယ်အနုပညာရှင်များ” Blog မှာ အသစ်တင်တဲ့ Post လေးတစ်ခုပါ။ ခံစားပေးကြပါဦး… ဒီကဗျာလေး ကို ကဗျာဆရာ ရင်မင်း ကပဲ ရေးဖွဲ့ထားပြီး သူဖန်ဆင်းတဲ့ လောကဓံ လို့ အမည်ပေးထား ပါတယ်။ ကဗျာခေါင်းစဉ်က “သူ” ကတော့ ဘုရားသခင်ဆိုတဲ့သူကိုပဲ ပြောသလား၊ သူ့ ကိုယ်သူပဲပြောသလား မသိဘူး။ ဒီကဗျာလေးမှာ ကဗျာဆရာက ဘဝဆိုတာ အရက် သောက်တာနဲ့တူတယ်လို့ သူ့အမြင်ကို တင်ပြထားပါတယ်။ လက်ခံတာ… မခံတာ ခင်ဗျားတို့ အပိုင်းပဲ၊ သူက သူ့ခံစားချက်ကို ပြောတာပဲပေါ့။ နောက်ပြီး ဘုရားသခင် ကိုလည်း သူကလှောင်ထား သေးတယ်၊ ဘုရားသခင်က နောက်တီးနောက်တောက်နဲ့ ကလေးကုလား၊ ရှုံ့ချီနှပ်ချီနဲ့လို့ သူကမြင်ထားပုံရတယ်။ ဘုရားသခင်က လူသားတွေကို ကစားနေတယ်လို့ သူက ဆိုချင်ပုံပဲ။ ဒီကဗျာဆရာရဲ့ လောကကြီးကို ရှုမြင်ပုံက ကြွက်မနိုင်လို့၊ ကျီမီးနဲ့ ရှို့သလို အားလုံးကို လိုက်လှောင်နေသလိုဘဲ၊ ကဲထားပါ၊ ဒီကဗျာထဲမှာပါတဲ့ အမြင်တွေကို လက်ခံလည်းရတယ်၊ လက်မခံလည်းရတယ်၊ လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ခွင့် ရှိတယ်၊ ကျွန်တော်တို့ ပြချင်တာက ကဗျာပဲ၊ အငြင်းအခုန်မဟုတ်ဘူး၊ ခင်ဗျားဖတ်ရင်းနဲ့ မခံစားနိုင်ရင် ပိတ်ပစ်လိုက်ဗျာ…


သူဖန်ဆင်းတဲ့ လောကဓံ

မျှော်လင့်ခြင်း ပျိုးပင်တွေ

ဟောဒီ့ရင်ဘတ်နဲ့ အပြည့်

ကိုယ် ထွန်ယက်ထားခဲ့သမျှ

ရိတ်သိမ်းချိန်ဟာ ခရီးလွန်နေလေရဲ့။


“ဘဝဆိုတာ…

အရက်သောက်သလိုပါဘဲ…”

သောက်စတော့ စူးစူးပြင်းပြင်းနဲ့ရင်ခုန်စရာ

အရက်ဝိုင်းရဲ့ မွန်းတည့်ချိန်မှာတော့

တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ပစ်ပေါက်

(သူ့ဘဝရဲ့ရွှေထီးကို လူတွေရှေ့ထုတ်ထုတ်ပြလို့)

ဟော! ပုလင်းလည်းနေဝင်ရော

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်

ခြောက်ကပ်၊ ပြီးဆုံး

ကမ္ဘာတစ်ခုလုံး ပျောက်ဆုံးတဲ့နေ့ပေါ့။


ဘုရားသခင်ဟာ…ရီစရာကောင်းတယ်

ကံစမ်းမဲနှိုက်ခွင့်ပေးတယ်

တစ်ခြားသူတွေ လိုက်မမှီနိုင်တဲ့ဘဝကို

အိပ်မက်ထဲ ကြဲချ၊

ကိုယ့်လက်ထဲ ဆုပ်ကိုင်မိတဲ့အချိန်မှာဘဲ

တစ်ဖက်လမ်းက ပြန်သိမ်းယူ

လူကိုတိတ်တိတ် ကြိတ်လှောင်တယ်။

ရင်မင်း

ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်

These icons link to social bookmarking sites where readers can share and discover new web pages.