အခုတစ်ခေါက်တော့ ဝါသနာရှင်တွေအနေနဲ့ ကဗျာတွေချည်းဖတ်ရတာ ငြီးငွေ့လောက်ပြီဆိုပြီး အသစ်ဖြစ်သွားအောင် ရင်မင်းရဲ့ ခေတ်ပေါ်ဝတ္ထုတိုလေးတစ်ပုဒ်ကို Blog မှာ Post လုပ်ပေးပါ့မယ်။ A4 နဲ့ဆို ၃ မျက်နှာလောက်ရှိတာဖြစ်လို့ ကျွန်တော်တို့ ၂ ပိုင်းခွဲ ပြီး တင်ပေးပါ့မယ်။ ဒီဝတ္ထုတိုလေးက ရင်မင်း တက္ကသိုလ်ကျောင်းသားဘဝတုန်းက ရေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ပတ်ဝန်းကျင်လောက်က ရေးထားတာ ဖြစ်ပါတယ်။ ပျောက်နေတာကြာပါပြီ။ ပြန်တွေ့တဲ့အခါကျတော့ ဒီခေတ်နဲ့ နောက်မကျသေးဘူးဆိုပြီး Blog မှာတင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖတ်ပြီးတော့ ဝေဖန် Comments ပေးရမှာက တော့ စာဖတ်သူ ကိစ္စပါ။ ကျွန်တော်တို့ကတော့ တင်ပေးလိုက်ပါပြီ။ ခံစားကြည့်ကြပါဦး…





ပိုးစားသွားတစ်ချောင်းနှင့် ပတ်သတ်၍




တစ်ညလုံးအိပ်မရသည့်ဒဏ်ကြောင့် မျက်လုံးတို့ ကြိမ်းစပ်၍ ပြာနေသည်။ မနေ့ညက တစ်ညလုံး သူ အိပ်မရခဲ့။ သွားကိုက်သည့် ဝေဒနာမှာ ဆိုးပေစွ။ တစ်ညလုံး ကျွတ်… ကျွတ်၊ ကျွတ်…ကျွတ်နဲ့ ဟိုလှိမ့်၊ ဒီလှိမ့်၊ ကြာတော့ ကျောပူ၊ ထထိုင်၊ ကြာတော့ ပျင်း၊ ပျင်းတော့ ပြန်အိပ်၊ မိုးသာ လင်းသွားသည်။ တစ်ရေးမှ မအိပ်ရ။ မနေ့ညက လွယ် လွယ်တွေး၍ ဆားရေငုံ ပလုတ်ကျင်းခဲ့ရာ သွားကိုက်သည့်ဝေဒနာမှာ ကောင်းကောင်းဒုက္ခ ပေးပြီ။ အခုမှ မနက်အစောကြီး၊ ဆေးခန်းမဖွင့်လောက်သေး။ သီချင်းနားထောင်ပြီး မှေးနေရအောင်ကလည်း မီးကပျက်။ အဆင်မပြေမှုတစ်ခုနှင့် ကြုံလျှင် အဆင်မပြေမှုတွေ

ဆက်တိုက်စောင့်နေတတ်သည်က လောကပါလတရားလား။ လောကပါလတရားဆိုမှ လောကပါလအဓိပ္ပါယ်က ဘာမှန်းမသိ။ အာခေါင်တွေခြောက်လာသည်နှင့် မသိတာတွေ ခဏချ၍ ရေတစ်ခွက်အပြည့် သောက်ချလိုက်သည်။ နည်းနည်းလန်းသလိုရှိလာ။ ဗိုက်နာ လာသည်နှင့် အိမ်သာထဲဝင်လိုက်သည်။ ဆေးခန်းရောက်လို့ ဆရာဝန်က သွားနှုတ်ရမယ် ဆိုဒုက္ခ။ဒီသွားကြီးနဲ့ အတူတူနေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ အားနာစရာကြီး။ ပြီးတော့ နှုတ်ပစ်မှာဆိုတော့ အတော်နာမှာ။ နာမှာဆိုမှ ကြက်သီးမွှေးညှင်းများ ထသွား သည်။ လူတွေမှာအကြောက်တရားကို ဘယ်သူလက်ဆော့ပြီး ထည့်လိုက်သည် မသိ။ နေရထိုင်ရ အတော်ခတ်သည်။ နေရထိုင်ရခက်မှ နာလာပြန်ပြီ။ “ဒီသွားနဲ့တော့ ဒုက္ခပဲ…“ ဆေးခန်းပြရင် နှုတ်မှာဆိုတော့ မသွားရင်ကောင်းမလား? ဟုတ်တယ်မသွားတော့ဘူး။ ဟာ! ပါးတွေပါရောင်နေပြီ။ မှန်ကြည့်မိမှပဲ သိတော့တယ်။ သွားကလဲကိုက်လွန်းလို့ ထုံ နေပြီ။ သေမဲ့အချိန်ကို အတိအကျသိနေတဲ့ လူုတစ်ယောက်လို ကြောက်ရွံ့ထိတ်လန့်စွာ သွားဆေးခန်းကို ဦးတည်လိုက်တယ်။

“အင်း… ခင်ဗျားသွားတွေ မရတော့ဘူးဗျ။ တော်တော်ဆိုးနေပြီ။ ပိုးတွေ စားထားတာလည်း ရစရာမရှိဘူး။ နှုတ်မှရမှာ၊နှုတ်ပစ်လိုက်တာအကောင်းဆုံးပဲ။”

“အာ… အဲဒါတော့မဖြစ်ဘူး။ မနှုတ်လို့မရဘူးလား။ မနှုတ်ပဲနဲ့ ကောင်းအောင် လုပ်ပေးပါဗျာ…”

“မရဘူးဗျ။ မကောင်းတာကြီးကို ပေကပ်နေလို့ မရဘူးလေ။ နည်းနည်းပါးပါးတော့ နာမှာပေါ့။ ယောက်ျားပဲဗျာ… လောကမှာ ခြေမ - မကောင်း၊ ခြေမ၊ လက်မ - မကောင်း၊ လက်မ ဖြတ်ပစ်ရမှာပဲ၊ အဲဒါ… သဘာဝပဲလေ…”

ဘာဗျ

ဝုန်း၊ ခွပ်

ထောင်းခနဲ ထွက်လာတဲ့ ဒေါသနဲ့အတူ သူ့မျက်နှာ မဲပျစ်ပျစ်ကြီးကို ထိုးပစ်လိုက်သည်။ ပြီးတော့ ဆေးခန်းမှ ချာခနဲ လှည့်ထွက်ခဲ့သည်။ ဆေးခန်းအပြင် ရောက်သည်အထိ ဒေါသတို့က ကျွန်တော့်ကိုယ်ပေါ်သို့ ရွစိရွစိနဲ့ (ပုရွက်ဆိတ်များလို) တက်နေတုန်း။ လူတွေက အဲဒါပဲ၊ တစ်ကိုယ်ကောင်း သိပ်ဆန်လွန်းတယ်။ တစ်သက်လုံး အတူတူနေလာ၊ တစ်သက်လုံး အကျိုးပြုလာ၊ သူတို့အတွက် အသုံးမဝင်တော့မှန်း ရိပ်မိလာရင် ဖျက်ဆီးပစ်ဖို့ (စွန့်ပစ်ဖို့) ကြိုးစားကြတော့တာပဲ။

“ငါ မင်းတို့လို မဟုတ်ဘူးဟေ့၊ ငါ မင်းတို့လို ဘယ်တော့မှ မယုတ်မာဘူး၊ ငါ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ ဒါပဲ။”

စိတ်ရှိလက်ရှိ ကျုံးဝါးအော်ဟစ်ပစ်လိုက်သည်။ အခုမှ ကျွန်တော့်တစ်ကိုယ် လုံး ပေါ့ပါးသလိုရှိလာသည်။

လမ်းထိပ်မှာ ဘတ်(စ်)ကားတွေ တန်းစီရပ်ထားတာတွေ့တာနဲ့ ကျွန်တော် လည်း တက်လိုက်လာခဲ့သည်။ ကားပေါ်ကအဆင်း “ရတနာပုံတက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တန်းတွေ့ရသည်။ ထိုကျောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လမ်းဆက် လျှောက်လာခဲ့သည်။

“Blues Rhythem”

ပါးစပ်မှ တိုးညှင်းဖွလျစွာ ရွတ်မိလျက် ဖြစ်သွားသည်။

ဒုတိယပိုင်းသို့

These icons link to social bookmarking sites where readers can share and discover new web pages.