လောကမှာ နွားတွေများတယ်၊
ရောမမှာ တရောထိုးခဲ့တဲ့ ကောင်လေးက
သမိုင်းမှာ မရှိနိုင်တော့ဘူး။
အားလုံးဟာ ကိုယ့်သမိုင်းကိုယ်ရေးခဲ့တာပဲ၊
ဒါပေမဲ့
မိုးခါးရေသောက်ခဲ့တဲ့ ပညာရှိတွေများတယ်။
အခုပြောခဲ့တာတွေ မင်းမယုံဘူးလား???
ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါဦး၊
ကိုယ့်အဆိပ်နဲ့ကိုယ် မိနေတဲ့လူချည်းပဲ။
သူတို့ကို အပြစ်မတင်ပါနဲ့ ကောင်လေးရယ်…
မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး၊
မင်းအဆိပ်တွေနဲ့မင်း ပုပ်သိုးလို့။
ရင်မင်းသစ်
၂၈ ၊ ၄ ၊ ၂၀၀၇
Archives
“ကျွန်တော် မှာ ရှိတဲ့အရာတွေ နဲ့ မရှိတဲ့အရာတွေအကြောင်းကို စဉ်းစားမိရာကနေ ရေးလိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ”
ကဗျာဆရာ စိုးဝေက ကျွန်တော်တို့ မြန်မာလူငယ်အနုပညာရှင်များအဖွဲ့ကို ပြောသွားတဲ့ စကားလေးပါ။ သူက သူ့ဗျာမှာ သူ့ဆီမှာမရှိတဲ့အရာတွေနဲ့ ရှိတဲ့အရာတွေကို ချရေးပြသွားတယ်။ ခေတ်ပေါ်ကဗျာတစ်ပုဒ်ပါ။ ခံစားကြည့်ကြပါဦး… ရင်ထဲမှာရှိတဲ့အတိုင်း မှတ်ချက်ပေးလို့ရပါတယ်…
ဒွိလောက
|
|
လွမ်းလိုက်တာ…
တစ်နေ့ ၂၄ နာရီဟာ ငါ့အတွက်တော့ ၂၄ ကမ္ဘာများလား
ဟန်ဆောင်အပြုံးတွေနဲ့ တစ်နေကုန်ဟန်လုပ်နေတဲ့ ဒီမျက်နှာဟာ
တစ်နေ့တာကုန်ဆုံးခြင်းရဲ့ နားခိုရာအိပ်စက်ခြင်းမှာတော့
ချောက်ကမ်းပါးအပြည့်လောက်နီးနီးရှိတဲ့ အလွမ်းမျက်ရည်တွေနဲ့ပေါ့
အခုအချိန်မှာတော့ ငါဟာ Romeo နဲ့ Juliet တို့ရဲ့ အလွမ်းဇာတ်ကို ကိုယ်ချင်းစာတတ်ပြီပေါ့
လွမ်းလိုက်တာ…
ငါ ဘယ်သူ့ဆီက ဘယ်တုန်းကမှမရခဲ့တဲ့
သူ့ရဲ့ ဂရုစိုက်မှုနဲ့ အကြင်နာ
သူ့ရဲ့ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု
သူ့ရဲ့ မနူးညံ့ပေမဲ့ နှစ်သိမ့်နိုင်တဲ့ လက်တစ်စုံနဲ့ Jell မလိမ်းထားတဲ့ ဆံပင်ခပ်ကြမ်းကြမ်းလေးတွေ
ငါ မမျှော်လင့်တဲ့အချိန်မှာ တိတ်တခိုးပေးခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့အနမ်း
လွမ်းလိုက်တာ…
မင်းကမသိပေမဲ့ မင်းရဲ့အသံကို ငါနားထောင်ခဲ့တာ ဘယ်နှစ်ကြိမ်းမှန်းမသိ
မင်းကမသိပေမဲ့ မင်းရဲ့ Blog တွေကို နေ့စဉ်နဲ့အမျှ Internet ပေါ်တက်ကြည့်မိတာ ဘယ်နှစ်ခေါက်မှန်းမသိ
မင်းကမသိပေမဲ့ မင်းဓာတ်ပုံလေးတွေကို လူလစ်တုန်းကြည့်ပြီး ခိုးနမ်းခဲ့တာ ငါ့အပြင် ဘယ်သူမှမသိ
မင်းကမသိပေမဲ့ ဘုရားမှာ မင်းနဲ့ဆုံဖို့ ဆုတောင်းရတာ မင်းကြားရင် အမြင်တောင်ကတ်လောက်တယ်
မင်းကမသိပေမဲ့ ကြယ်ကြွေချိန်မှာ ဆုတောင်းလိုက်တာ… မင်းနဲ့တစ်နေ့ ဆုံဆည်းဖို့ပါ
စာကြွင်း
ချစ်သူကတော့ ယုံဖို့နေနေသာသာ ကွယ်ရာမှာတောင် ကြိတ်လှောင်ချင်လှေင်နေဦးမှာ…
ဝိုင်
၂၀ ၊ ၄ ၊ ၂၀၀၇
တခါတလေကျတော့လည်း
အတိတ်ကိုပြန်ပြန်တွေးရတာ သိပ်အရသာရှိတာပဲ။
ဒါကြောင့်လည်း စမြုံ့ပြန်တယ်ဆိုတဲ့စကား ပေါ်လာတာဖြစ်မယ်။
ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ…
သစ်ပင်သစ်ရွက်တွေ စိမ်းစိုနေတာနဲ့၊ ခြောက်သွေ့နေတာ
အသင်! ဘယ်ဟာကြိုက်သလဲလို့ မေးလာရင်
အားလုံးပဲ စိမ်းစိုနေကြမှာပါ။
ဒါပေမဲ့…
ကျွန်တော်ဆိုတဲ့သစ်ပင်ကတော့ စောစောစီးစီးပဲခြောက်သွေ့ခဲ့ပါတယ်။
ကျွန်တော်ဟာ အဆိပ်ရှိတဲ့လေကို ရှူခဲ့မိတာဘဲ…
အဲဒီ့လိုပြောမယ်ဆိုရင်
ကျွန်တော်ဟာ ဆင်ခြေဆင်လက်တော်တော်များတာဘဲ
မဟုတ်ဘူး!
ကျွန်တော်ဟာ အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့တာပါ။
တကယ်တော့…
သိသိချင်းပဲ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
တကယ်ကိုပါပဲ
ကျွန်တော့်ကိုယ်တွှင်းမှာရှိတဲ့ Real Time Editing စနစ်က ပျက်စီးနေခဲ့ပြီးပါပြီ။
ရင်မင်း
၂၆ ၊ ၁ ၊ ၂၀၀၇
ဒီနေ့ ဝတ္ထုတိုတစ်ပုဒ်ကို ရေးမယ်လို့ စိတ်ကူးတော့ ကျွန်တော်ဘယ်ကစရေးရမလဲလို့ မဆုံးဖြတ်နိုင်ခင် ကျွန်တော်တွေးမိတွေးရာရေးချဖို့ဆိုတော့ ခင်ဗျားတို့စိတ်ဆိုးမယ်ဆိုပေမဲ့ အသေအချာမသိရခင် ကျွန်တော့်ဘက်က ဘာဆင်ခြေမှမပေးနိုင်တဲ့အတွက် ခင်ဗျားတို့ မယုံကြည်ရာရောက်ပေမဲ့ ကျွန်တော်က ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ဖို့ ဝါသနာထုံတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပြီး ခင်ဗျားတို့ ခွင့်မလွှတ်လည်း ရေးချင်ရာရေးမဲ့ အကြောင်း တင်ကြိုပြောကြားထားခဲ့ပါသည်။
သတင်းအစုံအလင်မှာ ခွေးနှစ်ကောင်ကိုက်ခြင်းသည် သမိုင်းမဖြစ်ခဲ့ပေမဲ့၊ ခွေးနှစ် ကောင်ကိုက်ရသည့်အကြောင်းသည် သမိုင်းဖြစ်နိုင်သည်ဟု ကျွန်တော့်ဘက်က အခိုင်အမာ ပြောဆိုခဲ့သော်လည်း ခင်ဗျားတို့ဘက်က မယုံကြည်လျှင် ဘာမှ ပြောစရာမရှိပါ။ သို့ပေမဲ့ ခွေးနှစ်ကောင်ကိုက်ခြင်းမှာ ဘာမှမဖြစ်သော်လည်း ခွေးကဲ့သို့ လူနှစ်ကောင်ကိုက်ခြင်း မှာ လူအများ ဒုက္ခရောက်နိုင်သည်ရှိရာ၊ သင်တို့မယုံကြည်လျှင် ကျွန်တော့်ဘက်က သက်သေ ထုတ်မပြနိုင်သော်လည်း လူအများရှေ့မှာ မိကျောင်းမင်း ရေခင်းမပြချင်ရာ၊ သင်တို့ဘက်မှ မယုံကြည်လျှင် ဂျော့ဒဗလျူဘုရှ်နှင့် ဆက်ဒမ်ဟူစိန်ဟူသည့် ခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် လူအများဒုက္ခရောက်ရကြောင်းကို သင်တို့ရော၊ ကျွန်တော်ရော သိနှင့်ပြီးဖြစ်ကြောင်း ကျွန်တော့်ဘက်က သိနှင့်သလို၊ သင်တို့ဘက်ကလည်း လက်ခံပြီးဖြစ်ကြောင်း ကျွန်တော်ရော၊ သင်တို့အားလုံးရော သဘောပေါက်ပြီးဖြစ်ပေလိမ့်မည်။
လောက၌ လူတို့သည် အသိဉာဏ်မဲ့လျှင် ခွေးထက်အသိဉာဏ်မဲ့ကြောင်း ပညာ မတတ်သည့် ကျွန်တော့်အမေသည် ကောင်းကောင်းသိသော်လည်း သင်တို့သိဖို့ရာ ကျွန်တော့် ဘက်က အာမမခံနိုင်သလို ကျွန်တော် ကိုယ်တိုင်ပင်လျှင် သိသည်လား၊ မသိသည်လား မဝေခွဲနိုင်ကြောင်း ဘွဲ့တွေရပြီး ပညာများစွာတတ်သည့် ကျွန်တော်က ပြောမည်ဆိုလျှင် သင်တို့ ဘာပြောမည်လဲ ကျွန်တော် မစဉ်းစားတတ်တော့ပါ။ ဒီနေရာတွင် သင်တို့ရော ကျွန်တော်ရော ဆက်ဆွေးနွေးမည်ဆိုလျှင် လက်ရှိပညာရေးအသိဗေဒအဆောက် အဦးမှစ၍ ရည်ရွယ်ချက်များအထိပါ ပြောဆိုဆွေးနွေးသွားနိုင်သော်လည်း ကျွန်တော့်ဘက်က ပြောချင် သည်မှာ ပညာရေးအကြောင်းမဟုတ်ဘဲ ခွေးနှစ်ကောင်ကိုက်ခြင်းအကြောင်း ဖြစ်နေပြန်ရာ ထိုအကြောင်းကို ဒီနေရာတွင်ရပ်ထား၍ သင်တို့ဘက်မှ ဆက်လက်ဆွေးနွေးချင် သည်ဆိုလျှင် နောင်အခါ ကျွန်တော်တို့ဆွေးနွေးနိုင်သည်ဟု ကျွန်တော့်ဘက်ကပြောလျှင် သင်တို့မည် သို့ဖြစ်မည်မသိသော်လည်း ကျွန်တော်က ပြောခဲ့ပြီးဖြစ်လေသည်။
အဓိက ကျွန်တော်ပြောချင်သည်မှာ ကျွန်တော်တို့ရပ်ကွက်၌ ခွေးနှစ်ကောင်ကိုက်သွား ခြင်းသည် မည်သို့မျှ မဖြစ်ခဲ့သော်လည်း၊ ထိုခွေးနှစ်ကောင်ကိုက်ရသည့် အကြောင်းရင်းအပေါ် တစ်ရပ်ကွက်လုံး အာရုံမရပေမဲ့ ကျွန်တော့်အတွက် သမိုင်းတွင်သွားခြင်းကြောင့်ဖြစ်ရာ ခွေးနှစ်ကောင်ကိုက်သည်ကို ရေးကြီးခွင်ကျယ်လုပ်ပြောသလိုဖြစ်နေမည်စိုး၍ မပြောဘဲနေ ချင်ပေမဲ့ မပြောလျှင်မနေနိုင်၍ ပြောခြင်ဖြစ်ကြောင်းပြောလျှင် သင်တို့မည်သို့ထင်မည်မသိ သော်လည်း ကျွန်တော့်ဘက်က ပြောခဲ့ပြီးဖြစ်လေသည်။ ဆိုလိုသည်မှာ ထိုခွေးနှစ်ကောင် ကိုက်ခြင်းသည် မည်သို့စကိုက်သည် မသိသော်လည်း ထိုခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် ရပ်ကွက်လူကြီးများပါမကျန် ထိုခွေးနှစ်ကောင်၏ ပိုင်ရှင်များနှင့်လက်သင့်သည် ရပ်ကွက် သားများမှာလည်း သူ့ဘက်ကိုယ့်ဘက်နှင့် အုံးအုံးကျွတ်ကျွတ် မတည့်ဖြစ်ကုန်ကြရာ ကျွန်တော့်အား ဇာချဲ့ပြောသည်ဟုထင်လျှင် ကျွန်တော်က မည်သို့မျှပြန်ပြောမည်မဟုတ်သော် လည်း သင်တို့မယုံကြည်လျှင် သင်တို့အပိုင်းဖြစ်ရာ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ဘက်မှ ဘာမှပြောစရာမရှိတော့ဟု ပြောချင်ပါသည်။
သို့သော်လည်း လူဆိုသည်မှာ ကိုယ်လုပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပြန်စဉ်းစားသည့် ဓလေ့မရှိသလောက်နည်းပါးခဲ့သော်လည်း၊ အကယ်၍ ပြန်စဉ်းစားခဲ့သော် ကိုယ့်သမိုင်းကို ရဲရဲရေးဖို့သတ္တိမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော ခေါင်းငြိမ့်ဖို့ရာ သွေးမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော နားလည်နေလိမ့်မည်ဟု မျှော်လင့်ပါသည်။ တကယ်တော့ သစ္စာနီပြောခဲ့သလို နောဧသင်္ဘောသည် မနေ့ညက နစ်မြုပ်ခဲ့ပြီးဖြစ်ပါသည်။
ရင်မင်းသစ်
၂၄ ၊ ၄ ၊ ၂၀၀၇
ဖန်တီးရှင်ဆိုတဲ့သူက
*ပါဖောင့်မန့် သိပ်ကောင်းတယ်၊
လောကဓံရှစ်ပါးကို အချိုမှုန့်လေး၊ ဆားလေးခပ်ပြီးပြတယ်။
အားလုံးရူးသွပ်ခဲ့ပေါ့။
အလုအယက်တိုးဝှေ့
ကျော်ဟိန်းကြီး ဒုက္ခကိုဆေးဆိုးတာထက်
ရှစ်ဆပိုတယ်။
မယုံမရှိနဲ့ ကိုယ့်လူ!
မိုက်လိုက်တဲ့သူတွေများ
ဘဝဆိုတာ…
ဒါမျိုးလေးနဲ့မှ ပိုအရသာရှိတယ်တဲ့။
ရင်မင်း
၂၈ ၊ ၄ ၊ ၂၀၀၇
ဟောဒီ့မှာ!
ကမ်းခြေပျောက်နေတဲ့ ငှက်တစ်ကောင်ပါ၊
သူ့ရင်ဘတ်ထဲ ပွင့်တဲ့ပန်းက
တစ်နယ်တစ်ကျေးမှာ မွှေးတယ်။
တကယ်တော့…
သူဟာ သတ္တိမရှိတဲ့ငှက်ပါ၊
မလိုအပ်ပဲ သွေးထွက်ထွက်နေတဲ့သူပေါ့။
မယုံမရှိနဲ့!
ပွဲပြီးမှ ဖျာရှာဖို့သတိရတဲ့သူ
သနားစရာ…
သူ့အတောင်ပံတွေနဲ့သူ ထိခိုက်လို့။
ပြီးတော့မှ…
ဒီလိုချော်တော့ငေါ့တယ်။
“ကြံဖန်ပြီး အားနာနေတာ” တဲ့၊
ရင်မင်း
၂၆ ၊ ၁ ၊ ၂၀၀၇
ဝတ္ထုတို ၁ ပုဒ်တင်ပြီးပြီဆိုတော့ ဒီတစ်ခါ ကဗျာဘက်ပြန်လှည့်ဦးမယ်။ ကျွန်တော်တို့က အခု Post တွေ အများကြီးတင်နေတာက သင်္ကြန်တွင်း မတင်ဖြစ်မှာဆိုးလို့ပါ။ အခု ရင်မင်းရဲ့ အကောင်းမြင်သမား ကဗျာလေးတင်ပေးလိုက်ပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး…
အကောင်းမြင်သမား
ကျွန်တော်က လောကကြီးဆီက ဘာမှများများစားစား ယူခဲ့တဲ့သူ မဟုတ်ပါဘူး…
(i) သူလို၊ ငါလို ပုံမှန် အသက်ရှုခွင့်ရယ်…
(ii) သူလို၊ ငါလို စိတ်ကောက်တတ်တဲ့ ချစ်သူတစ်ယောက်ရယ်…
(iii) သူလို၊ ငါလို ဘဝမှာ နေထိုင်ခွင့် ဗီဇာရယ်…
ဒါကိုပဲ ကိုယ့်ကို ဘာလို့ အမြင်ကတ်နေသလဲကွယ်…
ကိုယ်လည်း မတောင်းခံပဲနဲ့
ဖဲကြိုးလှလှလေးထုပ်ပြီး
လောကဓံ ရှစ်ပါးမှာ တစ်ပါးပိုပေးခဲ့တယ်…
ကိုယ် ဘာမှ မပြောတော့ပါဘူး…
သူ့အမြင်မှာ ကိုယ်ကဘဲ ထောင့်မကျိုးဖြစ်နေသလား…
ခက်တော့လည်းခက်တယ်
ကိုယ်ကလည်း အများနဲ့ လိုက်လျောညီထွေနေရဖို့ဆို
တီကို ဆားနဲ့တို့တာထက် ဆိုးတယ်…
ဘာပဲပြောပြောလေ…
ကိုယ့်အတွက်
ဒီလိုနေရာလေး တစ်နေရာဖန်တီးပေးခဲ့တဲ့
ဟိုမုတ်ဆိတ်နဲ့ ပုဂ္ဂိုလ်ကို ကျေးဇူးတင်ပါတယ်…
ကိုယ် စဉ်းစားထားပါတယ်…
ကိုယ် ထီပေါက်တဲ့နေ့ကျရင်
သူ့အတွက် အရက်တစ်ပုလင်းလောက် ဝယ်ပို့ပေးဦးမယ်…
ကိုယ့်ကို မျက်စိမနောက်ကြပါနဲ့…
ကိုယ်က မင်းခိုက်စိုးစန်လောက် စိတ်ပုတ်တဲ့သူတောင် မဟုတ်ပါဘူး…
ဘာတဲ့! သူပြောတာ…
“ကမ္ဘာကြီးသာ အပြားကြီးဆိုရင် ကြည့်မရတဲ့သူတွေကို အစွန်းကို ချော့ခေါ်သွားပြီး တွန်းချပစ်မယ်” ဆိုလား…
ဝန်ခံချက်။ ။စာရေးဆရာကျော်အောင်၏ “အကောင်းမြင်သမား” ဘာသာပြန်ဝတ္ထုခေါင်းစဉ်အား ယူသုံးထားပါသည်။
ရင်မင်း
ဧပြီလ ၊ ၈ ရက် ၊ ၂၀၀၇ ခုနှစ်
ဒီတစ်ခေါက်တော့ ပြီးခဲ့တဲ့အခေါက်က တင်ပေးခဲ့တဲ့ Post ရဲ့ အဆက် ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ဒုတိယပိုင်း) ကို တင်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အခက်အခဲလေးတွေကြောင့် ၂ ပိုင်းခွဲပြီးတင်ပေးရတာ တောင်းပန်ပါ တယ်။ ဒီ့ထက်ဒီ့ ပိုကောင်းအောင် ကျွန်တော်တို့ဘက်က ကြိုးစားနေပါတယ်။ ကဲ ဒုတိယပိုင်းလေး ခံစားကြည့်ကြပါဦး…
-----------------------------------------*************-----------------------------------
“Blues Rhythem သိပ်ကြိုက်တယ်၊ သိပ်ကောင်းတဲ့နာမည်ပဲ…”
နာမည်လေးအပေါ် ရူးသွပ်ခုံမင်လွန်း၍ ကဖီးဆိုင်အတွင်းသို့ ဝင်ထိုင်လိုက် သည်။ တခါတလေလူတွေက အဲဒီ့လိုပဲ၊ အစားအသောက် အရသာမရှိလည်း နာမည်သဘောကျလို့၊ အပြင်အဆင်သဘောကျလို့ ထိုင်ချင်ကြသည်။
ကျွန်တော် ဝင်ထိုင်လိုက်သည့်စားပွဲနှင့် မျက်နှာချင်းဆိုင်စားပွဲတွင် ကျောပေး ၍ ထိုင်နေသောကောင်မလေး၊ ဟုတ်တယ် ကောင်မလေး၊ ဆံပင်အရှည်ကြီးနှင့်ဆိုတော့ ကောင်မလေးပေါ့။ ကျွန်တော့် တစ်ကိုယ်လုံး စီးဆင်းနေတဲ့သွေးတွေ ရှိန်းဖိန်းသွားသည်။ အိတွဲနေတဲ့ ဆံပင်အရှည်ကြီးတွေကို တခုပ်တရနမ်းပစ်လိုက်ချင်သည်။ ပျော့ဆင်းအိတွဲ နေတဲ့ ဆံပင်အရှည်ကြီးတွေလေ။ တစ်လုံးချင်းထွက်ပေါ်နေတဲ့ စန္ဒယားသံတွေလေ… ကျွန်တော့်ကို သူ့ဆံပင်ရှည်ကြီးထဲမှာ ရစ်ခွေပျော်ဝင်သွားစေခဲ့တယ်။ သူ၊ ထိုင်ခုံကထအထွက် ကျွန်တော့်ဘေးကအဖြတ်၊ သူ့ဆံပင်တွေထက် တလိမ့်ကောက်ကွေး ချိတ်ပါသွားခဲ့တယ်။ သူ့မျက်နှာစူပုတ်ပုတ်လေးက တစ်ခုခုကို စိတ်ကောက်နေမှန်း သိပ်သိ သာတယ်။
“မင်း ဘာဖြစ်နေတာလဲ၊ ကောင်မလေးရယ်။ ပြုံးနေရင် ပိုလှမယ်ဆိုတာ မင်းမသိဘူးလား”
သူကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ တစ်ချက်ပြုံးပြီး (အား… အရမ်းလှတယ်ဗျာ…) “အခုလို ဂရုစိုက်တာ ကျေးဇူးတင်ပါတယ်။”
“ကျွန်မရဲ့ သိပ်ဆိုးတဲ့ချစ်သူက ကျွန်မကို ထားရစ်ခဲ့တယ်လေ။”
“အဲဒီ့လိုဆိုရင် မင်းရဲ့ကြွေကွဲမှုတွေကို ဟိုးရှေ့က အမှိုက်ပုံးထဲ သွားထည့် လိုက်တော့။ မင်းရဲ့အပြုံးပေါ်မှာ ပန်းရောင်နုနုလေးတင်ပေးဖို့ ကိုယ့်ကိုခွင့်ပြုပါ။”
သူ ကျွန်တော့်ကို နမ်းလိုက်တယ်။ ကျွန်တော် သူ့နှုတ်ခမ်းတွေထက်က စတော်ဘယ်ရီအရသာပေါ် တမေ့တမော…
ကျွန်တော်တို့နှစ်ယောက် အတူလမ်းလျှောက်ကြရင်း လမ်းတစ်လျှောက် ဆိုင်းဘုတ်တွေ ဖတ်သွားသည်။ တစ်နေရာရောက်တော့ ကျွန်တော် ခွက်ထိုးခွက်လန်ရီ ပါလေရာ။ သူ ကျွန်တော့်ကို ပြူးကြောင်ကြောင်ရွံရှာတဲ့ အကြည့်နဲ့ကြည့်နေသည်။ ရုတ်တ ရက်အရီရပ်လိုက်ပြီး ငါဘာမှားသွားပါလိမ့်၊ မရီရတဲ့ဟာကို ရီမိတာလား၊ ဘာဖြစ်လို့လဲ မသိဘူး။ ကျွန်တော့်အတွေး မဆုံးခင် -
“ရှင့်ပါးစပ်ထဲက ပိုးစားနေတဲ့ သွားကြီးကို ဘာလို့နှုတ်မပစ်တာလဲ၊ သိပ်ရွံစရာ ကောင်းတာပဲ။ ဒီကအပြန် သွားဝင်နှုတ်ရအောင်။”
“ဟာ… အဲဒါတော့မဖြစ်ဘူး၊ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ သူနဲ့နေလာ တာ အနှစ် ၂၀ ရှိနေပြီပဲ၊ အခုမှ အသုံးမလိုဘူးဆိုပြီး မပစ်ပယ်နိုင်ဘူး။”
“ရှင် အရူးပဲ၊ အဲဒီ့သွားကို နှုတ်ကိုနှုတ်ရမယ်၊ ကျွန်မ ဒီသွားကို ဆွဲနှုတ်ပစ်မယ်။”
“ဟေ့! မင်းရူးနေလား? ဒီသွားကို ငါ မနှုတ်နိုင်ဘူး၊ Bitch!” ကျွန်တော် ဆဲရေး ပစ်လိုက်သည်။ ကျွန်တော် သူ့ကို တစ္ဆေတစ်ကောင်လို မြင်လာသည်။ ကျွန်တော် အော်ဂ လီဆန်လာသည်။ သူ ကျွန်တော့်သွားကို အတင်းဆွဲနှုတ်ဖို့ ကြိုးစားနေသည်။ ကျွန်တော် သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တယ်၊ ပြီးတော့ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ အခု တော့ အာဖဂန်နစ္စတန်ဗုံးဒဏ်တွေကြားက လွတ်မြောက်လာတဲ့ သူတစ်ဦးလို ကျွန်တော် ပေါ့ပါးနေတော့တယ်။ ။
အခုတစ်ခေါက်တော့ ဝါသနာရှင်တွေအနေနဲ့ ကဗျာတွေချည်းဖတ်ရတာ ငြီးငွေ့လောက်ပြီဆိုပြီး အသစ်ဖြစ်သွားအောင် ရင်မင်းရဲ့ ခေတ်ပေါ်ဝတ္ထုတိုလေးတစ်ပုဒ်ကို Blog မှာ Post လုပ်ပေးပါ့မယ်။ A4 နဲ့ဆို ၃ မျက်နှာလောက်ရှိတာဖြစ်လို့ ကျွန်တော်တို့ ၂ ပိုင်းခွဲ ပြီး တင်ပေးပါ့မယ်။ ဒီဝတ္ထုတိုလေးက ရင်မင်း တက္ကသိုလ်ကျောင်းသားဘဝတုန်းက ရေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ပတ်ဝန်းကျင်လောက်က ရေးထားတာ ဖြစ်ပါတယ်။ ပျောက်နေတာကြာပါပြီ။ ပြန်တွေ့တဲ့အခါကျတော့ ဒီခေတ်နဲ့ နောက်မကျသေးဘူးဆိုပြီး Blog မှာတင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖတ်ပြီးတော့ ဝေဖန် Comments ပေးရမှာက တော့ စာဖတ်သူ ကိစ္စပါ။ ကျွန်တော်တို့ကတော့ တင်ပေးလိုက်ပါပြီ။ ခံစားကြည့်ကြပါဦး…
ပိုးစားသွားတစ်ချောင်းနှင့် ပတ်သတ်၍
တစ်ညလုံးအိပ်မရသည့်ဒဏ်ကြောင့် မျက်လုံးတို့ ကြိမ်းစပ်၍ ပြာနေသည်။ မနေ့ညက တစ်ညလုံး သူ အိပ်မရခဲ့။ သွားကိုက်သည့် ဝေဒနာမှာ ဆိုးပေစွ။ တစ်ညလုံး ကျွတ်… ကျွတ်၊ ကျွတ်…ကျွတ်နဲ့ ဟိုလှိမ့်၊ ဒီလှိမ့်၊ ကြာတော့ ကျောပူ၊ ထထိုင်၊ ကြာတော့ ပျင်း၊ ပျင်းတော့ ပြန်အိပ်၊ မိုးသာ လင်းသွားသည်။ တစ်ရေးမှ မအိပ်ရ။ မနေ့ညက လွယ် လွယ်တွေး၍ ဆားရေငုံ ပလုတ်ကျင်းခဲ့ရာ သွားကိုက်သည့်ဝေဒနာမှာ ကောင်းကောင်းဒုက္ခ ပေးပြီ။ အခုမှ မနက်အစောကြီး၊ ဆေးခန်းမဖွင့်လောက်သေး။ သီချင်းနားထောင်ပြီး မှေးနေရအောင်ကလည်း မီးကပျက်။ အဆင်မပြေမှုတစ်ခုနှင့် ကြုံလျှင် အဆင်မပြေမှုတွေ
ဆက်တိုက်စောင့်နေတတ်သည်က လောကပါလတရားလား။ လောကပါလတရားဆိုမှ လောကပါလအဓိပ္ပါယ်က ဘာမှန်းမသိ။ အာခေါင်တွေခြောက်လာသည်နှင့် မသိတာတွေ ခဏချ၍ ရေတစ်ခွက်အပြည့် သောက်ချလိုက်သည်။ နည်းနည်းလန်းသလိုရှိလာ။ ဗိုက်နာ လာသည်နှင့် အိမ်သာထဲဝင်လိုက်သည်။ ဆေးခန်းရောက်လို့ ဆရာဝန်က သွားနှုတ်ရမယ် ဆိုဒုက္ခ။ဒီသွားကြီးနဲ့ အတူတူနေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ အားနာစရာကြီး။ ပြီးတော့ နှုတ်ပစ်မှာဆိုတော့ အတော်နာမှာ။ နာမှာဆိုမှ ကြက်သီးမွှေးညှင်းများ ထသွား သည်။ လူတွေမှာအကြောက်တရားကို ဘယ်သူလက်ဆော့ပြီး ထည့်လိုက်သည် မသိ။ နေရထိုင်ရ အတော်ခတ်သည်။ နေရထိုင်ရခက်မှ နာလာပြန်ပြီ။ “ဒီသွားနဲ့တော့ ဒုက္ခပဲ…“ ဆေးခန်းပြရင် နှုတ်မှာဆိုတော့ မသွားရင်ကောင်းမလား? ဟုတ်တယ်မသွားတော့ဘူး။ ဟာ! ပါးတွေပါရောင်နေပြီ။ မှန်ကြည့်မိမှပဲ သိတော့တယ်။ သွားကလဲကိုက်လွန်းလို့ ထုံ နေပြီ။ သေမဲ့အချိန်ကို အတိအကျသိနေတဲ့ လူုတစ်ယောက်လို ကြောက်ရွံ့ထိတ်လန့်စွာ သွားဆေးခန်းကို ဦးတည်လိုက်တယ်။
“အင်း… ခင်ဗျားသွားတွေ မရတော့ဘူးဗျ။ တော်တော်ဆိုးနေပြီ။ ပိုးတွေ စားထားတာလည်း ရစရာမရှိဘူး။ နှုတ်မှရမှာ၊နှုတ်ပစ်လိုက်တာအကောင်းဆုံးပဲ။”
“အာ… အဲဒါတော့မဖြစ်ဘူး။ မနှုတ်လို့မရဘူးလား။ မနှုတ်ပဲနဲ့ ကောင်းအောင် လုပ်ပေးပါဗျာ…”
“မရဘူးဗျ။ မကောင်းတာကြီးကို ပေကပ်နေလို့ မရဘူးလေ။ နည်းနည်းပါးပါးတော့ နာမှာပေါ့။ ယောက်ျားပဲဗျာ… လောကမှာ ခြေမ - မကောင်း၊ ခြေမ၊ လက်မ - မကောင်း၊ လက်မ ဖြတ်ပစ်ရမှာပဲ၊ အဲဒါ… သဘာဝပဲလေ…”
“ဘာဗျ”
ဝုန်း၊ ခွပ်
ထောင်းခနဲ ထွက်လာတဲ့ ဒေါသနဲ့အတူ သူ့မျက်နှာ မဲပျစ်ပျစ်ကြီးကို ထိုးပစ်လိုက်သည်။ ပြီးတော့ ဆေးခန်းမှ ချာခနဲ လှည့်ထွက်ခဲ့သည်။ ဆေးခန်းအပြင် ရောက်သည်အထိ ဒေါသတို့က ကျွန်တော့်ကိုယ်ပေါ်သို့ ရွစိရွစိနဲ့ (ပုရွက်ဆိတ်များလို) တက်နေတုန်း။ လူတွေက အဲဒါပဲ၊ တစ်ကိုယ်ကောင်း သိပ်ဆန်လွန်းတယ်။ တစ်သက်လုံး အတူတူနေလာ၊ တစ်သက်လုံး အကျိုးပြုလာ၊ သူတို့အတွက် အသုံးမဝင်တော့မှန်း ရိပ်မိလာရင် ဖျက်ဆီးပစ်ဖို့ (စွန့်ပစ်ဖို့) ကြိုးစားကြတော့တာပဲ။
“ငါ မင်းတို့လို မဟုတ်ဘူးဟေ့၊ ငါ မင်းတို့လို ဘယ်တော့မှ မယုတ်မာဘူး၊ ငါ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ ဒါပဲ။”
စိတ်ရှိလက်ရှိ ကျုံးဝါးအော်ဟစ်ပစ်လိုက်သည်။ အခုမှ ကျွန်တော့်တစ်ကိုယ် လုံး ပေါ့ပါးသလိုရှိလာသည်။
လမ်းထိပ်မှာ ဘတ်(စ်)ကားတွေ တန်းစီရပ်ထားတာတွေ့တာနဲ့ ကျွန်တော် လည်း တက်လိုက်လာခဲ့သည်။ ကားပေါ်ကအဆင်း “ရတနာပုံတက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တန်းတွေ့ရသည်။ ထိုကျောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လမ်းဆက် လျှောက်လာခဲ့သည်။
“Blues Rhythem”
ပါးစပ်မှ တိုးညှင်းဖွလျစွာ ရွတ်မိလျက် ဖြစ်သွားသည်။
ဟောဒီ့ကဗျာလေးကတော့ ကျွန်တော်တို့ “မြန်မာလူငယ်အနုပညာရှင်များ” Blog မှာ အသစ်တင်တဲ့ Post လေးတစ်ခုပါ။ ခံစားပေးကြပါဦး… ဒီကဗျာလေး ကို ကဗျာဆရာ ရင်မင်း ကပဲ ရေးဖွဲ့ထားပြီး သူဖန်ဆင်းတဲ့ လောကဓံ လို့ အမည်ပေးထား ပါတယ်။ ကဗျာခေါင်းစဉ်က “သူ” ကတော့ ဘုရားသခင်ဆိုတဲ့သူကိုပဲ ပြောသလား၊ သူ့ ကိုယ်သူပဲပြောသလား မသိဘူး။ ဒီကဗျာလေးမှာ ကဗျာဆရာက ဘဝဆိုတာ အရက် သောက်တာနဲ့တူတယ်လို့ သူ့အမြင်ကို တင်ပြထားပါတယ်။ လက်ခံတာ… မခံတာ ခင်ဗျားတို့ အပိုင်းပဲ၊ သူက သူ့ခံစားချက်ကို ပြောတာပဲပေါ့။ နောက်ပြီး ဘုရားသခင် ကိုလည်း သူကလှောင်ထား သေးတယ်၊ ဘုရားသခင်က နောက်တီးနောက်တောက်နဲ့ ကလေးကုလား၊ ရှုံ့ချီနှပ်ချီနဲ့လို့ သူကမြင်ထားပုံရတယ်။ ဘုရားသခင်က လူသားတွေကို ကစားနေတယ်လို့ သူက ဆိုချင်ပုံပဲ။ ဒီကဗျာဆရာရဲ့ လောကကြီးကို ရှုမြင်ပုံက ကြွက်မနိုင်လို့၊ ကျီမီးနဲ့ ရှို့သလို အားလုံးကို လိုက်လှောင်နေသလိုဘဲ၊ ကဲထားပါ၊ ဒီကဗျာထဲမှာပါတဲ့ အမြင်တွေကို လက်ခံလည်းရတယ်၊ လက်မခံလည်းရတယ်၊ လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ခွင့် ရှိတယ်၊ ကျွန်တော်တို့ ပြချင်တာက ကဗျာပဲ၊ အငြင်းအခုန်မဟုတ်ဘူး၊ ခင်ဗျားဖတ်ရင်းနဲ့ မခံစားနိုင်ရင် ပိတ်ပစ်လိုက်ဗျာ…
သူဖန်ဆင်းတဲ့ လောကဓံ
မျှော်လင့်ခြင်း ပျိုးပင်တွေ
ဟောဒီ့ရင်ဘတ်နဲ့ အပြည့်
ကိုယ် ထွန်ယက်ထားခဲ့သမျှ
ရိတ်သိမ်းချိန်ဟာ ခရီးလွန်နေလေရဲ့။
“ဘဝဆိုတာ…
အရက်သောက်သလိုပါဘဲ…”
သောက်စတော့ စူးစူးပြင်းပြင်းနဲ့ရင်ခုန်စရာ
အရက်ဝိုင်းရဲ့ မွန်းတည့်ချိန်မှာတော့
တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ပစ်ပေါက်
(သူ့ဘဝရဲ့ရွှေထီးကို လူတွေရှေ့ထုတ်ထုတ်ပြလို့)
ဟော! ပုလင်းလည်းနေဝင်ရော
အရာအားလုံးတိတ်ဆိတ်ငြိမ်သက်
ခြောက်ကပ်၊ ပြီးဆုံး
ကမ္ဘာတစ်ခုလုံး ပျောက်ဆုံးတဲ့နေ့ပေါ့။
ဘုရားသခင်ဟာ…ရီစရာကောင်းတယ်
ကံစမ်းမဲနှိုက်ခွင့်ပေးတယ်
တစ်ခြားသူတွေ လိုက်မမှီနိုင်တဲ့ဘဝကို
အိပ်မက်ထဲ ကြဲချ၊
ကိုယ့်လက်ထဲ ဆုပ်ကိုင်မိတဲ့အချိန်မှာဘဲ
တစ်ဖက်လမ်းက ပြန်သိမ်းယူ
လူကိုတိတ်တိတ် ကြိတ်လှောင်တယ်။
ရင်မင်း
ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်
အခုလည်း ကဗျာဆရာ ရင်မင်း ရဲ့ ဆေးခတ်ခံရတဲ့ အိပ်မက် ကဗျာတစ်ပုဒ်ကို ထပ်တင်ပေးလိုက်ပါတယ်။ ဒီကဗျာလေးကတော့ ပေါ့ပေါ့ပါးပါးရေးထားတဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ပါ။ ခင်ဗျားတို့လည်း ခံစားချက်တိုက်ဆိုင်တယ်ဆိုရင် အမှန်အကန် ဝင်ခံစားလို့ရတယ်နော်… အရှော်ခံလိုက်ရတဲ့ သူ့ရင်ဘတ်ကြီးထဲက ခံစားချက်တွေအကြောင်းရေးထားတာပါ။ ဘာပဲပြောပြော ဒီကဗျာကိုဖတ်ပြီး ခင်ဗျားတို့ ခံစားချက်ကို Comments မှာ ပြန်ရေးလို့ရပါတယ်…
ဆေးခတ်ခံရတဲ့ အိပ်မက်
အခုတော့လည်း
ဘာပဲပြောပြော နေဝင်ခဲ့ပြီ….
ကောင်မလေးရယ်…
စံပါယ်တွေကြွေအောင် မပြုစားပါနဲ့
ဘဝမှာ… အလွမ်းအမောတွေများတယ်။
ဟိုး… ရှေ့က ညနေကြယ်
ကိုယ့်အိပ်မက်ထဲမှာ
သူကလဲ အဓိကဇာတ်ဆောင်တစ်ယောက်ပါ၊
ဘာမှမပြောကြပါနဲ့……သူငယ်ချင်းတို့ရယ်
ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။
(အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို
ချစ်မိတဲ့ နေရာမှာပေါ့။)
ဘဝမှာ… တစ်သက်လုံး
အိပ်မက်က လန့်နိုးဖို့မေ့နေခဲ့သူပေါ့။
ထားပါလေ…
ကောင်မလေးနဲ့ပတ်သတ်ပြီး
ကိုယ်ဟာအခန်းရဲ့ထောင့်မှာ တစ်ယောက်ထဲနေတတ်ခဲ့ပြီ၊
(တစ်ခန်းလုံးအမှောင်ချပြီးတော့ပေါ့။)
အိပ်မက်ရဲ့အပေါ်ယံ
ဆေးသကြားများကို မြိန်ရေရှက်ရေ နှစ်ခြိုက်ခဲ့မိပြီ၊
စကားလုံး နုနုရွရွနောက်က
ဓားတစ်လက်အပေါ်မှာလည်း ယုံကြည်တတ်ခဲ့ပြီ၊
ဘာမှမပြောကြပါနဲ့……।သူငယ်ချင်းတို့ရယ်
ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။
ရင်မင်း
ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်
ဒီတစ်ခေါက် ကျွန်တော်တို့ Post လုပ်ဖို့ ရွေးချယ်ထားတဲ့ ကဗျာလေးကတော့ “အချစ်” ဆိုတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲဆိုတော့ ကဗျာဆရာ ရင်မင်းပါပဲ။ ကဗျာအချိုလေး တစ်ပုဒ်ပါပဲ၊ ဒီကဗျာလေးကို ကဗျာဆရာ က သူတက္ကသိုလ်ကျောင်းသား ဘဝတုန်းက ရေးထားတာပါတဲ့။ အဲဒီ့အချိန်တုန်းက သူတွေ့ ခဲ့တဲ့ ကောင်မလေးကို သိပ်ချစ်လွန်းလို့ ပွင့်ထွက်လာတဲ့ ကဗျာတစ်ပုဒ်လို့ ဝန်ခံထား ပါတယ်။ သူ့ချစ်သူ ကောင်မလေးက သူနဲ့ သူမိဘတွေကြား ရွေးရခက်နေတုန်း သူရေးထားတဲ့ ကဗျာလေး ပါတဲ့။ ခံစားကြည့်ကြပါဦး…
အချစ်
ဟောဒီ့ ပါဆယ်လ်ထုပ်ကလေးထဲ
တစ်ဘဝစာ မင်းအတွက်
အချစ်တွေ ပါတယ်၊
“ကိုယ် မင်းကိုသိပ်ချစ်တယ်”
အဲဒီ့လောက် ရိုးရှင်းခဲ့လို့
နားမလည်ခဲ့တာလား…
ဖြစ်နိုင်ရင်
နှစ်ယောက်တည်း နားလည်မဲ့
ဘာသာစကားအသစ်တွေ ဖန်တီးပစ်ချင်ရဲ့။
ကောင်မလေးရယ်…
ကိုယ့်မှာ အလွမ်းခါးခါးတွေချည်းမျိုချနေရတာ
ရင်ဘတ်ကြီးတစ်ခုလုံးကို စုတ်ပြတ်လို့။
ရဲရင့်လိုက်စမ်း…
တစ်လောကလုံးကို ရင်ဆိုင်ဖို့၊
လာ!
ကိုယ့်ရဲ့ လက်ကိုတွဲ
ကမ္ဘာကြီးရဲ့ လမ်းတွေပေါ် လျှောက်ကြစို့။ ။
ရင်မင်း
မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ နှင့် မော်ဒန်ဝတ္ထုတိုများ
Posted by M Y Artists
Apr 09
ဒီ Post လေးကတော့ ခေတ်ပေါ်ဝတ္ထုတိုတွေကို နှစ်သက်တဲ့ ပရိသတ်တွေကို သတင်းပေးတဲ့ သဘောပေါ့ဗျာ။
မန္တလေးက ဆရာဝန်စာရေးဆရာ ကျော်စွာထက်ရဲ့ ဝတ္ထုတိုစာအုပ်လေးပါ။ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ဝေခဲ့တာပါ။ တန်ဖိုးက ၈၀၀ ကျပ်ထဲပါ။ တန်ပါတယ်၊ ဖတ်ရကျိုးနပ်မှာပါ။ ဆရာကျော်စွာထက်ကတော့ ပြတ်ပါတယ်။ သူ့စာအုပ်ရဲ့ ခေါင်းစဉ်ကို “မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ နှင့် မော်ဒန်ဝတ္ထုတိုများ” လို့ အမည်ပေး ထားပါတယ်။ ဆရာကျော်စွာထက်က သူ့စာအုပ်မှာ နိဒါန်းစာကို ဆရာဇော်ဇ်ာအောင်ကို ရေးခိုင်းထားပြီး၊ အမှာစာကိုတော့ ဆရာသစ္စာနီကို ရေးခိုင်းထားပါတယ်။
ဆရာဇော်ဇ်ာအောင်ကတော့ သိတဲ့အတိုင်းပဲ မော်ဒန် (Modern)/ ပို့စ်မော်ဒန် (Post Modern) ရဲ့ နည်းနာနိဿယ (Theory) တွေ ဖောဖောသီသီနဲ့ ယှဉ်ပြီး ရေးပြ သွားပါတယ်။ ဆရာသစ္စာနီကတော့ သူနဲ့ ဆရာကျော်စွာထက် စတင်သိကျွမ်းပုံကစပြီး ယခုဝတ္ထုတို စာအုပ်မှာပါတဲ့ ဝတ္ထုတိုတွေရဲ့ ရေးဖွဲ့ထားတဲ့ပုံစံအပြင် ဝတ္ထုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ထားပါတယ်။ ဘယ်နေရာမှာတော့ ဟုန်သွားတယ်၊ ဘယ်နေရာ မှာတော့ ပိုသွား တယ်၊ စသဖြင့် ဝေဖန်သွားပါတယ်။
ယခုဝတ္ထုတိုလေးတွေမှာပါတဲ့ စာရေးဆရာရဲ့ ဒဿန၊ စာရေးဆရာရဲ့ အမြင် လေးတွေက သဘောကျစရာကောင်းပါတယ်။
ဥပမာ။ ။
တစ်သက်လုံးတစ်ကိုယ်တော်နေတတ်ခြင်းနှင့် အသားကျလာခဲ့သော်လည်း သူ့ဘဝကို တံခါးပိတ်ထားဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိပါ။
အနှိုင်းမဲ့အချစ်ဝတ္ထု
တစ်ကိုယ်တော်နေထိုင်တတ်သော်လည်း ‘တစ်ကောင်တည်းပဲ၊ ဒါပေမဲ့ ခြင်္သေ့’ ဟု ဘယ်တုန်းကမှ မကြွေးကြော်ဖူးခဲ့။ ‘တစ်ကောင်တည်းပဲ၊ ဒါပေမဲ့ ကြွက်’ ဟုတော့ သူ့ကိုယ်သူ စိတ်ထဲက မကြာခဏ လှောင်ပြောင်ရယ်မောဖူးသည်။ ကြာသပတေး သား ဖြစ်သော်လည်း ကြွက်တွေကို သူမချစ်။ သူ့စာအုပ်တွေကို ကိုက်လေ့ရှိသော ကြွက်တွေကို သူမုန်းသည်။ ဒိုင်ယာနာကို သေတွင်းထဲသို့ တွန်းပို့ခဲ့သော ပါပရာဇီတွေကို သူမုန်းသည်။ ငယ်ငယ်တုန်းက အထင်ကြီးခဲ့မိဖူးသော လစ်ဗင်းတူဂဲသား (Living Together) ဆိုတာကြီးကို သူမုန်းသည်။ အလုပ်မရှိ အလုပ်ရှာကာ မဂ္ဂဇင်းတွေထဲမှာ ‘ဟိုလမ်းခွဲ’ ‘ဒီလမ်းခွဲ’ လုပ်နေသူတွေကို သူ စိတ်ကုန်သည်။
အနှိုင်းမဲ့အချစ်ဝတ္ထု
လောက၌ အရောင်အဆင်း၊ အနံ့အရသာမရှိသော အရာများသည် အသုံးအဝင်ဆုံးဖြစ်တတ်သည်ကို အသက်လေးဆယ်ကျော်မှ သူသဘောပေါက်ခဲ့သည်။
တိမ်ပြာပြာနေ့တစ်နေ့
‘ဘဝတွင် တင်းတိမ်ရောင့်ရဲခြင်းသာ ချမ်းသာသုခအစစ်အမှန်ဖြစ်သည်’ ဆိုသော စာတစ်ကြောင်းကိုဖတ်မိ၍ တင်းတိမ်ရောင့်ရဲခြင်းကို ဒေါ်လာ ၃ သန်းဖိုး ဝယ်ရန်အတွက် နေ့ရာညပါ မအိပ်မနေ အလုပ်လုပ်ပြီး ထိုလူငွေစုနေ၏။
မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ
“လူကြိုက်များတဲ့ အိပ်မက်တွေကို ဘာကြောင့် ခင်ဗျား မမက်ချင်ရတာလဲ။ ဥမမာ - ထီ သိန်းသုံးရာဆု ပေါက်တာမျိုးတို့၊ ဘာအလုပ်မှပင်ပင်ပန်းပန်း မလုပ်လိုက်ရဘဲ မိဘတွေဆီက အမွေများများရလိုက်တာမျိုးတို့၊ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ဖို့တို့၊ ၃ခ/ လင်ခရူဆာ ကားသစ်တစ်စီးနဲ့ ဂေါ့(ဖ်)ကွင်းသွားဖို့တို့၊ သူဋ္ဌေးသမီး တစ်ယောက်ကို အရချိုင်ဖို့တို့… အဲဒီလိုအိပ်မက်မျိုးတွေ မက်ခဲ့ရင်တော့ ယူခဲ့ပါ။ ကျွန်တော် ဈေးကောင်း ကောင်း ပေးပါ့မယ်။”
လူကြိုက်နည်းတဲ့ အိပ်မက်များနဲ့လူ
လောကဝတ်ကို သင်ရိုးမကုန်တဲ့သူ…
အများကြိုက်အင်္ကျီဒိဇိုင်းတွေ မဝတ်တတ်သူ…
လူတကာနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ဝန်လေးသူ…
ဒီလူမှာ အပြစ်ရှိသလားကွယ်။
ဒေးလ်ကာနက်ဂျီနဲ့ ကျွန်တော် ဆွေမျိုးမတော်ဘူး
သို့တိုင် စွန့်ခွာသင့်သော အချိန်မျိုးကို ရောက်လာပြီဆိုလျှင်တော့ သူ့ဇာတိ မြို့တော်ကို အသေဖက်တွယ်မထားပဲ စွန့်ခွာနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ မျှော်လင့်ထား ပါသည်။
ဇာတိမြို့
ဒီလောက်ဆိုရင်တော့ ဆရာကျော်စွာထက်ရဲ့ ဝတ္ထုတိုတွေနဲ့ ပတ်သက်ပြီး အတော်အတန် တီးခေါက်မိပြီထင်ပါတယ်။ အခုဖော်ပြထားတဲ့ စာညွှန်းတွေက ကျွန်တော် တို့ ရွေးချယ်မှုသာဖြစ်ပြီး စာဖတ်သူ သဘောမတွေ့လျှင် ကျွန်တော်တို့ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း တင်ကြိုဝန်ခံအပ်ပါသည်။
ဆရာကျော်စွာထက် အနုပညာများဆက်လက်ဖန်တီးနိုင်ပါစေ။
ဒီ Post လေးကတော့ ကျွန်တော်တို့ “မြန်မာလူငယ်အနုပညာရှင်များ” Blog မှာ ပထမဦးဆုံးတင်ထဲ့ ကဗျာလေးပေါ့။ နောက်ထပ်လည်း ပုံမှန် အနုပညာနဲ့ပတ်သတ်တဲ့ Post လေးတွေ တင်နိုင်အောင်ကြိုးစားသွားပါ့မယ်။ ဒီကဗျာလေးရဲ့ အမည်ကတော့ “အဲဒီ့နေ့က" လို့ အမည်ရပြီး ကဗျာဆရာ ရင်မင်း က ရေးသားထားခြင်းဖြစ်ပါတယ်။ အားပေးကြပါဦး…
အဲဒီနေ့က
အဲဒီနေ့က
ဒီလိုဘဲလူတွေသုတ်သုတ်၊ သုတ်သုတ်နဲ့သွားလာနေကြတယ်။
အဲဒီနေ့က
လေတိုက်လို့မြည်တဲ့ ဆည်းလဲမဟုတ်ဘဲ၊ ဆည်းလဲမြည်အောင်၊ လေလိုက်တိုက်နေတယ်။
ကိုယ့်ကိုယ်ကိုအဲဒီလိုသဘောပေါက်တယ်။
အဲဒီနေ့က
မိုးမရွာခဲ့သလို၊ နေအပူကြီးလည်းမဟုတ်ခဲ့ဘူး၊
ဒါပေမဲ့ရင်ဘတ်ထဲစိုလိုက်၊ ခြောက်လိုက်နဲ့၊
အဲဒီနေ့က
ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲက သံလိုက်အိမ်မြှောင်ပျောက်သွားခဲ့တယ်၊
ဒီလိုနဲ့ဘဲ ငါ့ရဲ့လမ်းမတွေကို နတ်သူရူးတွေက ခိုးဝှက်ထားကြလေရဲ့။
အဲဒီနေ့က
သံလိုက်အိမ်မြှောင် နေရာမှာ အဆိပ်ရှိတဲ့ပန်းဇြူတစ်ပွင့်တယ်။
အချိန်အနည်းငယ်ကြာတော့…..
အဲဒီနေ့ကဘဲ
ကျွန်တော်သေဆုံးသွားခဲ့တယ်။
ရင်မင်း
၂၆ ၊ ၁ ၊ ၂၀၀၇
M Y Artists အထုပ္ပတ္တိ

- M Y Artists
- ကျွန်တော် ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခု ဖန်တီးချင်တာကြာပြီ။ အဲဒီ့ကိစ္စကို တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တယ်။ သူလဲ လုပ်ချင်တယ်… ဒါပေမဲ့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ ဒီ Blog လေးကို ပထမအဆင့်အနေနဲ့ ဖန်တီးခဲ့တာပါ။
ဝိတိုရိယ ပရဟိတဂေဟာ

http://www.vccmyanmar.org/
ကဏ္ဍအလိုက် ရွေးဖတ်ရန်
- မြန်မာလူငယ်အနုပညာရှင်များ (45)
- ကဗျာ (40)
- ရင်မင်းသစ် (36)
- ရင်မင်း (31)
- ဝတ္ထုတို (4)
- ဝိုင် (4)
- စိုးဝေ (3)
- ပန်ဒိုရာ (1)
- မျိုးသီဟ (1)
- ဆောင်းပါး (1)
လအလိုက်ဖတ်ရန်
-
▼
2007
(31)
-
▼
April
(15)
- အထုပ္ပတ္တိ
- ဒွိလောက
- အလွမ်း
- ဇာတ်ညွှန်းအမှားနဲ့လူ (၂)
- ယုံကြည်မှု၏ အခြားတစ်ဘက်၌
- ယင်ကောင်များ
- ဇာတ်ညွှန်းအမှားနဲ့လူ (၁)
- အကောင်းမြင်သမား
- ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ဒုတိယပိုင်း)
- ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ပထမပိုင်း)
- သူဖန်ဆင်းတဲ့ လောကဓံ
- ဆေးခတ်ခံရတဲ့ အိပ်မက်
- အချစ်
- မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ န...
- အဲဒီနေ့က
-
▼
April
(15)
သူတို့ပေးတဲ့ မှတ်ချက်များ
Download ချရန်
သွားလည်လို့ရတဲ့နေရာတွေ
တစ်ခုခုပြောထားခဲ့ပါဦး...
Verve
