ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ဒုတိယပိုင်း)

ဒီတစ်ခေါက်တော့ ပြီးခဲ့တဲ့အခေါက်က တင်ပေးခဲ့တဲ့ Post ရဲ့ အဆက် ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ဒုတိယပိုင်း) ကို တင်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အခက်အခဲလေးတွေကြောင့် ၂ ပိုင်းခွဲပြီးတင်ပေးရတာ တောင်းပန်ပါ တယ်။ ဒီ့ထက်ဒီ့ ပိုကောင်းအောင် ကျွန်တော်တို့ဘက်က ကြိုးစားနေပါတယ်။ ကဲ ဒုတိယပိုင်းလေး ခံစားကြည့်ကြပါဦး…

-----------------------------------------*************-----------------------------------

“Blues Rhythem သိပ်ကြိုက်တယ်၊ သိပ်ကောင်းတဲ့နာမည်ပဲ…”

နာမည်လေးအပေါ် ရူးသွပ်ခုံမင်လွန်း၍ ကဖီးဆိုင်အတွင်းသို့ ဝင်ထိုင်လိုက် သည်။ တခါတလေလူတွေက အဲဒီ့လိုပဲ၊ အစားအသောက် အရသာမရှိလည်း နာမည်သဘောကျလို့၊ အပြင်အဆင်သဘောကျလို့ ထိုင်ချင်ကြသည်။

ကျွန်တော် ဝင်ထိုင်လိုက်သည့်စားပွဲနှင့် မျက်နှာချင်းဆိုင်စားပွဲတွင် ကျောပေး ၍ ထိုင်နေသောကောင်မလေး၊ ဟုတ်တယ် ကောင်မလေး၊ ဆံပင်အရှည်ကြီးနှင့်ဆိုတော့ ကောင်မလေးပေါ့။ ကျွန်တော့် တစ်ကိုယ်လုံး စီးဆင်းနေတဲ့သွေးတွေ ရှိန်းဖိန်းသွားသည်။ အိတွဲနေတဲ့ ဆံပင်အရှည်ကြီးတွေကို တခုပ်တရနမ်းပစ်လိုက်ချင်သည်။ ပျော့ဆင်းအိတွဲ နေတဲ့ ဆံပင်အရှည်ကြီးတွေလေ။ တစ်လုံးချင်းထွက်ပေါ်နေတဲ့ စန္ဒယားသံတွေလေ… ကျွန်တော့်ကို သူ့ဆံပင်ရှည်ကြီးထဲမှာ ရစ်ခွေပျော်ဝင်သွားစေခဲ့တယ်။ သူ၊ ထိုင်ခုံကထအထွက် ကျွန်တော့်ဘေးကအဖြတ်၊ သူ့ဆံပင်တွေထက် တလိမ့်ကောက်ကွေး ချိတ်ပါသွားခဲ့တယ်။ သူ့မျက်နှာစူပုတ်ပုတ်လေးက တစ်ခုခုကို စိတ်ကောက်နေမှန်း သိပ်သိ သာတယ်။

“မင်း ဘာဖြစ်နေတာလဲ၊ ကောင်မလေးရယ်။ ပြုံးနေရင် ပိုလှမယ်ဆိုတာ မင်းမသိဘူးလား”

သူကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ တစ်ချက်ပြုံးပြီး (အား… အရမ်းလှတယ်ဗျာ…) “အခုလို ဂရုစိုက်တာ ကျေးဇူးတင်ပါတယ်။”

“ကျွန်မရဲ့ သိပ်ဆိုးတဲ့ချစ်သူက ကျွန်မကို ထားရစ်ခဲ့တယ်လေ။”

“အဲဒီ့လိုဆိုရင် မင်းရဲ့ကြွေကွဲမှုတွေကို ဟိုးရှေ့က အမှိုက်ပုံးထဲ သွားထည့် လိုက်တော့။ မင်းရဲ့အပြုံးပေါ်မှာ ပန်းရောင်နုနုလေးတင်ပေးဖို့ ကိုယ့်ကိုခွင့်ပြုပါ။”

သူ ကျွန်တော့်ကို နမ်းလိုက်တယ်။ ကျွန်တော် သူ့နှုတ်ခမ်းတွေထက်က စတော်ဘယ်ရီအရသာပေါ် တမေ့တမော…

ကျွန်တော်တို့နှစ်ယောက် အတူလမ်းလျှောက်ကြရင်း လမ်းတစ်လျှောက် ဆိုင်းဘုတ်တွေ ဖတ်သွားသည်။ တစ်နေရာရောက်တော့ ကျွန်တော် ခွက်ထိုးခွက်လန်ရီ ပါလေရာ။ သူ ကျွန်တော့်ကို ပြူးကြောင်ကြောင်ရွံရှာတဲ့ အကြည့်နဲ့ကြည့်နေသည်။ ရုတ်တ ရက်အရီရပ်လိုက်ပြီး ငါဘာမှားသွားပါလိမ့်၊ မရီရတဲ့ဟာကို ရီမိတာလား၊ ဘာဖြစ်လို့လဲ မသိဘူး။ ကျွန်တော့်အတွေး မဆုံးခင် -

“ရှင့်ပါးစပ်ထဲက ပိုးစားနေတဲ့ သွားကြီးကို ဘာလို့နှုတ်မပစ်တာလဲ၊ သိပ်ရွံစရာ ကောင်းတာပဲ။ ဒီကအပြန် သွားဝင်နှုတ်ရအောင်။”

“ဟာ… အဲဒါတော့မဖြစ်ဘူး၊ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ သူနဲ့နေလာ တာ အနှစ် ၂၀ ရှိနေပြီပဲ၊ အခုမှ အသုံးမလိုဘူးဆိုပြီး မပစ်ပယ်နိုင်ဘူး။”

“ရှင် အရူးပဲ၊ အဲဒီ့သွားကို နှုတ်ကိုနှုတ်ရမယ်၊ ကျွန်မ ဒီသွားကို ဆွဲနှုတ်ပစ်မယ်။”

“ဟေ့! မင်းရူးနေလား? ဒီသွားကို ငါ မနှုတ်နိုင်ဘူး၊ Bitch!” ကျွန်တော် ဆဲရေး ပစ်လိုက်သည်။ ကျွန်တော် သူ့ကို တစ္ဆေတစ်ကောင်လို မြင်လာသည်။ ကျွန်တော် အော်ဂ လီဆန်လာသည်။ သူ ကျွန်တော့်သွားကို အတင်းဆွဲနှုတ်ဖို့ ကြိုးစားနေသည်။ ကျွန်တော် သူ့မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တယ်၊ ပြီးတော့ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ အခု တော့ အာဖဂန်နစ္စတန်ဗုံးဒဏ်တွေကြားက လွတ်မြောက်လာတဲ့ သူတစ်ဦးလို ကျွန်တော် ပေါ့ပါးနေတော့တယ်။

ပထမပိုင်းသို့

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ပိုးစားသွားတစ်ချောင်းနှင့် ပတ်သက်၍ (ပထမပိုင်း)

အခုတစ်ခေါက်တော့ ဝါသနာရှင်တွေအနေနဲ့ ကဗျာတွေချည်းဖတ်ရတာ ငြီးငွေ့လောက်ပြီဆိုပြီး အသစ်ဖြစ်သွားအောင် ရင်မင်းရဲ့ ခေတ်ပေါ်ဝတ္ထုတိုလေးတစ်ပုဒ်ကို Blog မှာ Post လုပ်ပေးပါ့မယ်။ A4 နဲ့ဆို ၃ မျက်နှာလောက်ရှိတာဖြစ်လို့ ကျွန်တော်တို့ ၂ ပိုင်းခွဲ ပြီး တင်ပေးပါ့မယ်။ ဒီဝတ္ထုတိုလေးက ရင်မင်း တက္ကသိုလ်ကျောင်းသားဘဝတုန်းက ရေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ပတ်ဝန်းကျင်လောက်က ရေးထားတာ ဖြစ်ပါတယ်။ ပျောက်နေတာကြာပါပြီ။ ပြန်တွေ့တဲ့အခါကျတော့ ဒီခေတ်နဲ့ နောက်မကျသေးဘူးဆိုပြီး Blog မှာတင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖတ်ပြီးတော့ ဝေဖန် Comments ပေးရမှာက တော့ စာဖတ်သူ ကိစ္စပါ။ ကျွန်တော်တို့ကတော့ တင်ပေးလိုက်ပါပြီ။ ခံစားကြည့်ကြပါဦး…





ပိုးစားသွားတစ်ချောင်းနှင့် ပတ်သတ်၍




တစ်ညလုံးအိပ်မရသည့်ဒဏ်ကြောင့် မျက်လုံးတို့ ကြိမ်းစပ်၍ ပြာနေသည်။ မနေ့ညက တစ်ညလုံး သူ အိပ်မရခဲ့။ သွားကိုက်သည့် ဝေဒနာမှာ ဆိုးပေစွ။ တစ်ညလုံး ကျွတ်… ကျွတ်၊ ကျွတ်…ကျွတ်နဲ့ ဟိုလှိမ့်၊ ဒီလှိမ့်၊ ကြာတော့ ကျောပူ၊ ထထိုင်၊ ကြာတော့ ပျင်း၊ ပျင်းတော့ ပြန်အိပ်၊ မိုးသာ လင်းသွားသည်။ တစ်ရေးမှ မအိပ်ရ။ မနေ့ညက လွယ် လွယ်တွေး၍ ဆားရေငုံ ပလုတ်ကျင်းခဲ့ရာ သွားကိုက်သည့်ဝေဒနာမှာ ကောင်းကောင်းဒုက္ခ ပေးပြီ။ အခုမှ မနက်အစောကြီး၊ ဆေးခန်းမဖွင့်လောက်သေး။ သီချင်းနားထောင်ပြီး မှေးနေရအောင်ကလည်း မီးကပျက်။ အဆင်မပြေမှုတစ်ခုနှင့် ကြုံလျှင် အဆင်မပြေမှုတွေ

ဆက်တိုက်စောင့်နေတတ်သည်က လောကပါလတရားလား။ လောကပါလတရားဆိုမှ လောကပါလအဓိပ္ပါယ်က ဘာမှန်းမသိ။ အာခေါင်တွေခြောက်လာသည်နှင့် မသိတာတွေ ခဏချ၍ ရေတစ်ခွက်အပြည့် သောက်ချလိုက်သည်။ နည်းနည်းလန်းသလိုရှိလာ။ ဗိုက်နာ လာသည်နှင့် အိမ်သာထဲဝင်လိုက်သည်။ ဆေးခန်းရောက်လို့ ဆရာဝန်က သွားနှုတ်ရမယ် ဆိုဒုက္ခ။ဒီသွားကြီးနဲ့ အတူတူနေလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ အားနာစရာကြီး။ ပြီးတော့ နှုတ်ပစ်မှာဆိုတော့ အတော်နာမှာ။ နာမှာဆိုမှ ကြက်သီးမွှေးညှင်းများ ထသွား သည်။ လူတွေမှာအကြောက်တရားကို ဘယ်သူလက်ဆော့ပြီး ထည့်လိုက်သည် မသိ။ နေရထိုင်ရ အတော်ခတ်သည်။ နေရထိုင်ရခက်မှ နာလာပြန်ပြီ။ “ဒီသွားနဲ့တော့ ဒုက္ခပဲ…“ ဆေးခန်းပြရင် နှုတ်မှာဆိုတော့ မသွားရင်ကောင်းမလား? ဟုတ်တယ်မသွားတော့ဘူး။ ဟာ! ပါးတွေပါရောင်နေပြီ။ မှန်ကြည့်မိမှပဲ သိတော့တယ်။ သွားကလဲကိုက်လွန်းလို့ ထုံ နေပြီ။ သေမဲ့အချိန်ကို အတိအကျသိနေတဲ့ လူုတစ်ယောက်လို ကြောက်ရွံ့ထိတ်လန့်စွာ သွားဆေးခန်းကို ဦးတည်လိုက်တယ်။

“အင်း… ခင်ဗျားသွားတွေ မရတော့ဘူးဗျ။ တော်တော်ဆိုးနေပြီ။ ပိုးတွေ စားထားတာလည်း ရစရာမရှိဘူး။ နှုတ်မှရမှာ၊နှုတ်ပစ်လိုက်တာအကောင်းဆုံးပဲ။”

“အာ… အဲဒါတော့မဖြစ်ဘူး။ မနှုတ်လို့မရဘူးလား။ မနှုတ်ပဲနဲ့ ကောင်းအောင် လုပ်ပေးပါဗျာ…”

“မရဘူးဗျ။ မကောင်းတာကြီးကို ပေကပ်နေလို့ မရဘူးလေ။ နည်းနည်းပါးပါးတော့ နာမှာပေါ့။ ယောက်ျားပဲဗျာ… လောကမှာ ခြေမ - မကောင်း၊ ခြေမ၊ လက်မ - မကောင်း၊ လက်မ ဖြတ်ပစ်ရမှာပဲ၊ အဲဒါ… သဘာဝပဲလေ…”

ဘာဗျ

ဝုန်း၊ ခွပ်

ထောင်းခနဲ ထွက်လာတဲ့ ဒေါသနဲ့အတူ သူ့မျက်နှာ မဲပျစ်ပျစ်ကြီးကို ထိုးပစ်လိုက်သည်။ ပြီးတော့ ဆေးခန်းမှ ချာခနဲ လှည့်ထွက်ခဲ့သည်။ ဆေးခန်းအပြင် ရောက်သည်အထိ ဒေါသတို့က ကျွန်တော့်ကိုယ်ပေါ်သို့ ရွစိရွစိနဲ့ (ပုရွက်ဆိတ်များလို) တက်နေတုန်း။ လူတွေက အဲဒါပဲ၊ တစ်ကိုယ်ကောင်း သိပ်ဆန်လွန်းတယ်။ တစ်သက်လုံး အတူတူနေလာ၊ တစ်သက်လုံး အကျိုးပြုလာ၊ သူတို့အတွက် အသုံးမဝင်တော့မှန်း ရိပ်မိလာရင် ဖျက်ဆီးပစ်ဖို့ (စွန့်ပစ်ဖို့) ကြိုးစားကြတော့တာပဲ။

“ငါ မင်းတို့လို မဟုတ်ဘူးဟေ့၊ ငါ မင်းတို့လို ဘယ်တော့မှ မယုတ်မာဘူး၊ ငါ ဒီသွားကို ဘယ်တော့မှ မနှုတ်ဘူး၊ ဒါပဲ။”

စိတ်ရှိလက်ရှိ ကျုံးဝါးအော်ဟစ်ပစ်လိုက်သည်။ အခုမှ ကျွန်တော့်တစ်ကိုယ် လုံး ပေါ့ပါးသလိုရှိလာသည်။

လမ်းထိပ်မှာ ဘတ်(စ်)ကားတွေ တန်းစီရပ်ထားတာတွေ့တာနဲ့ ကျွန်တော် လည်း တက်လိုက်လာခဲ့သည်။ ကားပေါ်ကအဆင်း “ရတနာပုံတက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တန်းတွေ့ရသည်။ ထိုကျောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လမ်းဆက် လျှောက်လာခဲ့သည်။

“Blues Rhythem”

ပါးစပ်မှ တိုးညှင်းဖွလျစွာ ရွတ်မိလျက် ဖြစ်သွားသည်။

ဒုတိယပိုင်းသို့

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

သူဖန်ဆင်းတဲ့ လောကဓံ

ဟောဒီ့ကဗျာလေးကတော့ ကျွန်တော်တို့ “မြန်မာလူငယ်အနုပညာရှင်များ” Blog မှာ အသစ်တင်တဲ့ Post လေးတစ်ခုပါ။ ခံစားပေးကြပါဦး… ဒီကဗျာလေး ကို ကဗျာဆရာ ရင်မင်း ကပဲ ရေးဖွဲ့ထားပြီး သူဖန်ဆင်းတဲ့ လောကဓံ လို့ အမည်ပေးထား ပါတယ်။ ကဗျာခေါင်းစဉ်က “သူ” ကတော့ ဘုရားသခင်ဆိုတဲ့သူကိုပဲ ပြောသလား၊ သူ့ ကိုယ်သူပဲပြောသလား မသိဘူး။ ဒီကဗျာလေးမှာ ကဗျာဆရာက ဘဝဆိုတာ အရက် သောက်တာနဲ့တူတယ်လို့ သူ့အမြင်ကို တင်ပြထားပါတယ်။ လက်ခံတာ… မခံတာ ခင်ဗျားတို့ အပိုင်းပဲ၊ သူက သူ့ခံစားချက်ကို ပြောတာပဲပေါ့။ နောက်ပြီး ဘုရားသခင် ကိုလည်း သူကလှောင်ထား သေးတယ်၊ ဘုရားသခင်က နောက်တီးနောက်တောက်နဲ့ ကလေးကုလား၊ ရှုံ့ချီနှပ်ချီနဲ့လို့ သူကမြင်ထားပုံရတယ်။ ဘုရားသခင်က လူသားတွေကို ကစားနေတယ်လို့ သူက ဆိုချင်ပုံပဲ။ ဒီကဗျာဆရာရဲ့ လောကကြီးကို ရှုမြင်ပုံက ကြွက်မနိုင်လို့၊ ကျီမီးနဲ့ ရှို့သလို အားလုံးကို လိုက်လှောင်နေသလိုဘဲ၊ ကဲထားပါ၊ ဒီကဗျာထဲမှာပါတဲ့ အမြင်တွေကို လက်ခံလည်းရတယ်၊ လက်မခံလည်းရတယ်၊ လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ခွင့် ရှိတယ်၊ ကျွန်တော်တို့ ပြချင်တာက ကဗျာပဲ၊ အငြင်းအခုန်မဟုတ်ဘူး၊ ခင်ဗျားဖတ်ရင်းနဲ့ မခံစားနိုင်ရင် ပိတ်ပစ်လိုက်ဗျာ…


သူဖန်ဆင်းတဲ့ လောကဓံ

မျှော်လင့်ခြင်း ပျိုးပင်တွေ

ဟောဒီ့ရင်ဘတ်နဲ့ အပြည့်

ကိုယ် ထွန်ယက်ထားခဲ့သမျှ

ရိတ်သိမ်းချိန်ဟာ ခရီးလွန်နေလေရဲ့။


“ဘဝဆိုတာ…

အရက်သောက်သလိုပါဘဲ…”

သောက်စတော့ စူးစူးပြင်းပြင်းနဲ့ရင်ခုန်စရာ

အရက်ဝိုင်းရဲ့ မွန်းတည့်ချိန်မှာတော့

တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ပစ်ပေါက်

(သူ့ဘဝရဲ့ရွှေထီးကို လူတွေရှေ့ထုတ်ထုတ်ပြလို့)

ဟော! ပုလင်းလည်းနေဝင်ရော

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်

ခြောက်ကပ်၊ ပြီးဆုံး

ကမ္ဘာတစ်ခုလုံး ပျောက်ဆုံးတဲ့နေ့ပေါ့။


ဘုရားသခင်ဟာ…ရီစရာကောင်းတယ်

ကံစမ်းမဲနှိုက်ခွင့်ပေးတယ်

တစ်ခြားသူတွေ လိုက်မမှီနိုင်တဲ့ဘဝကို

အိပ်မက်ထဲ ကြဲချ၊

ကိုယ့်လက်ထဲ ဆုပ်ကိုင်မိတဲ့အချိန်မှာဘဲ

တစ်ဖက်လမ်းက ပြန်သိမ်းယူ

လူကိုတိတ်တိတ် ကြိတ်လှောင်တယ်။

ရင်မင်း

ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဆေးခတ်ခံရတဲ့ အိပ်မက်

အခုလည်း ကဗျာဆရာ ရင်မင်း ရဲ့ ဆေးခတ်ခံရတဲ့ အိပ်မကကဗျာတစ်ပုဒ်ကို ထပ်တင်ပေးလိုက်ပါတယ်။ ဒီကဗျာလေးကတော့ ပေါ့ပေါ့ပါးပါးရေးထားတဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ပါ။ ခင်ဗျားတို့လည်း ခံစားချက်တိုက်ဆိုင်တယ်ဆိုရင် အမှန်အကန် ဝင်ခံစားလို့ရတယ်နော်… အရှော်ခံလိုက်ရတဲ့ သူ့ရင်ဘတ်ကြီးထဲက ခံစားချက်တွေအကြောင်းရေးထားတာပါ။ ဘာပဲပြောပြော ဒီကဗျာကိုဖတ်ပြီး ခင်ဗျားတို့ ခံစားချက်ကို Comments မှာ ပြန်ရေးလို့ရပါတယ်…


ဆေးခတ်ခံရတဲ့ အိပ်မက်

အခုတော့လည်း

ဘာပဲပြောပြော နေဝင်ခဲ့ပြီ….

ကောင်မလေးရယ်…

စံပါယ်တွေကြွေအောင် မပြုစားပါနဲ့

ဘဝမှာ… အလွမ်းအမောတွေများတယ်။

ဟိုး… ရှေ့က ညနေကြယ်

ကိုယ့်အိပ်မက်ထဲမှာ

သူကလဲ အဓိကဇာတ်ဆောင်တစ်ယောက်ပါ၊

ဘာမှမပြောကြပါနဲ့……သူငယ်ချင်းတို့ရယ်

ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။

(အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို

ချစ်မိတဲ့ နေရာမှာပေါ့။)

ဘဝမှာ… တစ်သက်လုံး

အိပ်မက်က လန့်နိုးဖို့မေ့နေခဲ့သူပေါ့။

ထားပါလေ…

ကောင်မလေးနဲ့ပတ်သတ်ပြီး

ကိုယ်ဟာအခန်းရဲ့ထောင့်မှာ တစ်ယောက်ထဲနေတတ်ခဲ့ပြီ၊

(တစ်ခန်းလုံးအမှောင်ချပြီးတော့ပေါ့။)

အိပ်မက်ရဲ့အပေါ်ယံ

ဆေးသကြားများကို မြိန်ရေရှက်ရေ နှစ်ခြိုက်ခဲ့မိပြီ၊

စကားလုံး နုနုရွရွနောက်က

ဓားတစ်လက်အပေါ်မှာလည်း ယုံကြည်တတ်ခဲ့ပြီ၊

ဘာမှမပြောကြပါနဲ့……।သူငယ်ချင်းတို့ရယ်

ကိုယ်က သိပ်အသိဉာဏ်နည်းလွန်းတယ်။

ရင်မင်း

ဧပြီလ ၊ ၄ ရက် ၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အချစ်

ဒီတစ်ခေါက် ကျွန်တော်တို့ Post လုပ်ဖို့ ရွေးချယ်ထားတဲ့ ကဗျာလေးကတော့ “အချစ်” ဆိုတဲ့ ကဗျာလေးပါ။ ဘယ်သူရေးတာလဲဆိုတော့ ကဗျာဆရာ ရင်မင်းပါပဲ။ ကဗျာအချိုလေး တစ်ပုဒ်ပါပဲ၊ ဒီကဗျာလေးကို ကဗျာဆရာ က သူတက္ကသိုလ်ကျောင်းသား ဘဝတုန်းက ရေးထားတာပါတဲ့။ အဲဒီ့အချိန်တုန်းက သူတွေ့ ခဲ့တဲ့ ကောင်မလေးကို သိပ်ချစ်လွန်းလို့ ပွင့်ထွက်လာတဲ့ ကဗျာတစ်ပုဒ်လို့ ဝန်ခံထား ပါတယ်။ သူ့ချစ်သူ ကောင်မလေးက သူနဲ့ သူမိဘတွေကြား ရွေးရခက်နေတုန်း သူရေးထားတဲ့ ကဗျာလေး ပါတဲ့။ ခံစားကြည့်ကြပါဦး…

အချစ်

ဟောဒီ့ ပါဆယ်လ်ထုပ်ကလေးထဲ

တစ်ဘဝစာ မင်းအတွက်

အချစ်တွေ ပါတယ်၊

“ကိုယ် မင်းကိုသိပ်ချစ်တယ်”

အဲဒီ့လောက် ရိုးရှင်းခဲ့လို့

နားမလည်ခဲ့တာလား…

ဖြစ်နိုင်ရင်

နှစ်ယောက်တည်း နားလည်မဲ့

ဘာသာစကားအသစ်တွေ ဖန်တီးပစ်ချင်ရဲ့။

ကောင်မလေးရယ်…

ကိုယ့်မှာ အလွမ်းခါးခါးတွေချည်းမျိုချနေရတာ

ရင်ဘတ်ကြီးတစ်ခုလုံးကို စုတ်ပြတ်လို့။

ရဲရင့်လိုက်စမ်း…

တစ်လောကလုံးကို ရင်ဆိုင်ဖို့၊

လာ!

ကိုယ့်ရဲ့ လက်ကိုတွဲ

ကမ္ဘာကြီးရဲ့ လမ်းတွေပေါ် လျှောက်ကြစို့။

ရင်မင်း

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.