လောကမှာ နွားတွေများတယ်၊
ရောမမှာ တရောထိုးခဲ့တဲ့ ကောင်လေးက
သမိုင်းမှာ မရှိနိုင်တော့ဘူး။
အားလုံးဟာ ကိုယ့်သမိုင်းကိုယ်ရေးခဲ့တာပဲ၊
ဒါပေမဲ့
မိုးခါးရေသောက်ခဲ့တဲ့ ပညာရှိတွေများတယ်။
အခုပြောခဲ့တာတွေ မင်းမယုံဘူးလား???
ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါဦး၊
ကိုယ့်အဆိပ်နဲ့ကိုယ် မိနေတဲ့လူချည်းပဲ။
သူတို့ကို အပြစ်မတင်ပါနဲ့ ကောင်လေးရယ်…
မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး၊
မင်းအဆိပ်တွေနဲ့မင်း ပုပ်သိုးလို့။
ရင်မင်းသစ်
၂၈ ၊ ၄ ၊ ၂၀၀၇
“ကျွန်တော် မှာ ရှိတဲ့အရာတွေ နဲ့ မရှိတဲ့အရာတွေအကြောင်းကို စဉ်းစားမိရာကနေ ရေးလိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ”
ကဗျာဆရာ စိုးဝေက ကျွန်တော်တို့ မြန်မာလူငယ်အနုပညာရှင်များအဖွဲ့ကို ပြောသွားတဲ့ စကားလေးပါ။ သူက သူ့ဗျာမှာ သူ့ဆီမှာမရှိတဲ့အရာတွေနဲ့ ရှိတဲ့အရာတွေကို ချရေးပြသွားတယ်။ ခေတ်ပေါ်ကဗျာတစ်ပုဒ်ပါ။ ခံစားကြည့်ကြပါဦး… ရင်ထဲမှာရှိတဲ့အတိုင်း မှတ်ချက်ပေးလို့ရပါတယ်…
ဒွိလောက
|
|
လွမ်းလိုက်တာ… တစ်နေ့ ၂၄ နာရီဟာ ငါ့အတွက်တော့ ၂၄ ကမ္ဘာများလား ဟန်ဆောင်အပြုံးတွေနဲ့ တစ်နေကုန်ဟန်လုပ်နေတဲ့ ဒီမျက်နှာဟာ တစ်နေ့တာကုန်ဆုံးခြင်းရဲ့ နားခိုရာအိပ်စက်ခြင်းမှာတော့ ချောက်ကမ်းပါးအပြည့်လောက်နီးနီးရှိတဲ့ အလွမ်းမျက်ရည်တွေနဲ့ပေါ့ အခုအချိန်မှာတော့ ငါဟာ Romeo နဲ့ Juliet တို့ရဲ့ အလွမ်းဇာတ်ကို ကိုယ်ချင်းစာတတ်ပြီပေါ့ လွမ်းလိုက်တာ… ငါ ဘယ်သူ့ဆီက ဘယ်တုန်းကမှမရခဲ့တဲ့ သူ့ရဲ့ ဂရုစိုက်မှုနဲ့ အကြင်နာ သူ့ရဲ့ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှု သူ့ရဲ့ မနူးညံ့ပေမဲ့ နှစ်သိမ့်နိုင်တဲ့ လက်တစ်စုံနဲ့ Jell မလိမ်းထားတဲ့ ဆံပင်ခပ်ကြမ်းကြမ်းလေးတွေ ငါ မမျှော်လင့်တဲ့အချိန်မှာ တိတ်တခိုးပေးခဲ့တဲ့ သူ့ရဲ့ နူးညံ့တဲ့အနမ်း လွမ်းလိုက်တာ… မင်းကမသိပေမဲ့ မင်းရဲ့အသံကို ငါနားထောင်ခဲ့တာ ဘယ်နှစ်ကြိမ်းမှန်းမသိ မင်းကမသိပေမဲ့ မင်းရဲ့ Blog တွေကို နေ့စဉ်နဲ့အမျှ Internet ပေါ်တက်ကြည့်မိတာ ဘယ်နှစ်ခေါက်မှန်းမသိ မင်းကမသိပေမဲ့ မင်းဓာတ်ပုံလေးတွေကို လူလစ်တုန်းကြည့်ပြီး ခိုးနမ်းခဲ့တာ ငါ့အပြင် ဘယ်သူမှမသိ မင်းကမသိပေမဲ့ ဘုရားမှာ မင်းနဲ့ဆုံဖို့ ဆုတောင်းရတာ မင်းကြားရင် အမြင်တောင်ကတ်လောက်တယ် မင်းကမသိပေမဲ့ ကြယ်ကြွေချိန်မှာ ဆုတောင်းလိုက်တာ… မင်းနဲ့တစ်နေ့ ဆုံဆည်းဖို့ပါ စာကြွင်း ချစ်သူကတော့ ယုံဖို့နေနေသာသာ ကွယ်ရာမှာတောင် ကြိတ်လှောင်ချင်လှေင်နေဦးမှာ…
ဝိုင်
၂၀ ၊ ၄ ၊ ၂၀၀၇
တခါတလေကျတော့လည်း
အတိတ်ကိုပြန်ပြန်တွေးရတာ သိပ်အရသာရှိတာပဲ။
ဒါကြောင့်လည်း စမြုံ့ပြန်တယ်ဆိုတဲ့စကား ပေါ်လာတာဖြစ်မယ်။
ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ…
သစ်ပင်သစ်ရွက်တွေ စိမ်းစိုနေတာနဲ့၊ ခြောက်သွေ့နေတာ
အသင်! ဘယ်ဟာကြိုက်သလဲလို့ မေးလာရင်
အားလုံးပဲ စိမ်းစိုနေကြမှာပါ။
ဒါပေမဲ့…
ကျွန်တော်ဆိုတဲ့သစ်ပင်ကတော့ စောစောစီးစီးပဲခြောက်သွေ့ခဲ့ပါတယ်။
ကျွန်တော်ဟာ အဆိပ်ရှိတဲ့လေကို ရှူခဲ့မိတာဘဲ…
အဲဒီ့လိုပြောမယ်ဆိုရင်
ကျွန်တော်ဟာ ဆင်ခြေဆင်လက်တော်တော်များတာဘဲ
မဟုတ်ဘူး!
ကျွန်တော်ဟာ အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့တာပါ။
တကယ်တော့…
သိသိချင်းပဲ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
တကယ်ကိုပါပဲ
ကျွန်တော့်ကိုယ်တွှင်းမှာရှိတဲ့ Real Time Editing စနစ်က ပျက်စီးနေခဲ့ပြီးပါပြီ။
ရင်မင်း
၂၆ ၊ ၁ ၊ ၂၀၀၇
ဒီနေ့ ဝတ္ထုတိုတစ်ပုဒ်ကို ရေးမယ်လို့ စိတ်ကူးတော့ ကျွန်တော်ဘယ်ကစရေးရမလဲလို့ မဆုံးဖြတ်နိုင်ခင် ကျွန်တော်တွေးမိတွေးရာရေးချဖို့ဆိုတော့ ခင်ဗျားတို့စိတ်ဆိုးမယ်ဆိုပေမဲ့ အသေအချာမသိရခင် ကျွန်တော့်ဘက်က ဘာဆင်ခြေမှမပေးနိုင်တဲ့အတွက် ခင်ဗျားတို့ မယုံကြည်ရာရောက်ပေမဲ့ ကျွန်တော်က ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ဖို့ ဝါသနာထုံတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပြီး ခင်ဗျားတို့ ခွင့်မလွှတ်လည်း ရေးချင်ရာရေးမဲ့ အကြောင်း တင်ကြိုပြောကြားထားခဲ့ပါသည်။
သတင်းအစုံအလင်မှာ ခွေးနှစ်ကောင်ကိုက်ခြင်းသည် သမိုင်းမဖြစ်ခဲ့ပေမဲ့၊ ခွေးနှစ် ကောင်ကိုက်ရသည့်အကြောင်းသည် သမိုင်းဖြစ်နိုင်သည်ဟု ကျွန်တော့်ဘက်က အခိုင်အမာ ပြောဆိုခဲ့သော်လည်း ခင်ဗျားတို့ဘက်က မယုံကြည်လျှင် ဘာမှ ပြောစရာမရှိပါ။ သို့ပေမဲ့ ခွေးနှစ်ကောင်ကိုက်ခြင်းမှာ ဘာမှမဖြစ်သော်လည်း ခွေးကဲ့သို့ လူနှစ်ကောင်ကိုက်ခြင်း မှာ လူအများ ဒုက္ခရောက်နိုင်သည်ရှိရာ၊ သင်တို့မယုံကြည်လျှင် ကျွန်တော့်ဘက်က သက်သေ ထုတ်မပြနိုင်သော်လည်း လူအများရှေ့မှာ မိကျောင်းမင်း ရေခင်းမပြချင်ရာ၊ သင်တို့ဘက်မှ မယုံကြည်လျှင် ဂျော့ဒဗလျူဘုရှ်နှင့် ဆက်ဒမ်ဟူစိန်ဟူသည့် ခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် လူအများဒုက္ခရောက်ရကြောင်းကို သင်တို့ရော၊ ကျွန်တော်ရော သိနှင့်ပြီးဖြစ်ကြောင်း ကျွန်တော့်ဘက်က သိနှင့်သလို၊ သင်တို့ဘက်ကလည်း လက်ခံပြီးဖြစ်ကြောင်း ကျွန်တော်ရော၊ သင်တို့အားလုံးရော သဘောပေါက်ပြီးဖြစ်ပေလိမ့်မည်။
လောက၌ လူတို့သည် အသိဉာဏ်မဲ့လျှင် ခွေးထက်အသိဉာဏ်မဲ့ကြောင်း ပညာ မတတ်သည့် ကျွန်တော့်အမေသည် ကောင်းကောင်းသိသော်လည်း သင်တို့သိဖို့ရာ ကျွန်တော့် ဘက်က အာမမခံနိုင်သလို ကျွန်တော် ကိုယ်တိုင်ပင်လျှင် သိသည်လား၊ မသိသည်လား မဝေခွဲနိုင်ကြောင်း ဘွဲ့တွေရပြီး ပညာများစွာတတ်သည့် ကျွန်တော်က ပြောမည်ဆိုလျှင် သင်တို့ ဘာပြောမည်လဲ ကျွန်တော် မစဉ်းစားတတ်တော့ပါ။ ဒီနေရာတွင် သင်တို့ရော ကျွန်တော်ရော ဆက်ဆွေးနွေးမည်ဆိုလျှင် လက်ရှိပညာရေးအသိဗေဒအဆောက် အဦးမှစ၍ ရည်ရွယ်ချက်များအထိပါ ပြောဆိုဆွေးနွေးသွားနိုင်သော်လည်း ကျွန်တော့်ဘက်က ပြောချင် သည်မှာ ပညာရေးအကြောင်းမဟုတ်ဘဲ ခွေးနှစ်ကောင်ကိုက်ခြင်းအကြောင်း ဖြစ်နေပြန်ရာ ထိုအကြောင်းကို ဒီနေရာတွင်ရပ်ထား၍ သင်တို့ဘက်မှ ဆက်လက်ဆွေးနွေးချင် သည်ဆိုလျှင် နောင်အခါ ကျွန်တော်တို့ဆွေးနွေးနိုင်သည်ဟု ကျွန်တော့်ဘက်ကပြောလျှင် သင်တို့မည် သို့ဖြစ်မည်မသိသော်လည်း ကျွန်တော်က ပြောခဲ့ပြီးဖြစ်လေသည်။
အဓိက ကျွန်တော်ပြောချင်သည်မှာ ကျွန်တော်တို့ရပ်ကွက်၌ ခွေးနှစ်ကောင်ကိုက်သွား ခြင်းသည် မည်သို့မျှ မဖြစ်ခဲ့သော်လည်း၊ ထိုခွေးနှစ်ကောင်ကိုက်ရသည့် အကြောင်းရင်းအပေါ် တစ်ရပ်ကွက်လုံး အာရုံမရပေမဲ့ ကျွန်တော့်အတွက် သမိုင်းတွင်သွားခြင်းကြောင့်ဖြစ်ရာ ခွေးနှစ်ကောင်ကိုက်သည်ကို ရေးကြီးခွင်ကျယ်လုပ်ပြောသလိုဖြစ်နေမည်စိုး၍ မပြောဘဲနေ ချင်ပေမဲ့ မပြောလျှင်မနေနိုင်၍ ပြောခြင်ဖြစ်ကြောင်းပြောလျှင် သင်တို့မည်သို့ထင်မည်မသိ သော်လည်း ကျွန်တော့်ဘက်က ပြောခဲ့ပြီးဖြစ်လေသည်။ ဆိုလိုသည်မှာ ထိုခွေးနှစ်ကောင် ကိုက်ခြင်းသည် မည်သို့စကိုက်သည် မသိသော်လည်း ထိုခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် ရပ်ကွက်လူကြီးများပါမကျန် ထိုခွေးနှစ်ကောင်၏ ပိုင်ရှင်များနှင့်လက်သင့်သည် ရပ်ကွက် သားများမှာလည်း သူ့ဘက်ကိုယ့်ဘက်နှင့် အုံးအုံးကျွတ်ကျွတ် မတည့်ဖြစ်ကုန်ကြရာ ကျွန်တော့်အား ဇာချဲ့ပြောသည်ဟုထင်လျှင် ကျွန်တော်က မည်သို့မျှပြန်ပြောမည်မဟုတ်သော် လည်း သင်တို့မယုံကြည်လျှင် သင်တို့အပိုင်းဖြစ်ရာ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ဘက်မှ ဘာမှပြောစရာမရှိတော့ဟု ပြောချင်ပါသည်။
သို့သော်လည်း လူဆိုသည်မှာ ကိုယ်လုပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပြန်စဉ်းစားသည့် ဓလေ့မရှိသလောက်နည်းပါးခဲ့သော်လည်း၊ အကယ်၍ ပြန်စဉ်းစားခဲ့သော် ကိုယ့်သမိုင်းကို ရဲရဲရေးဖို့သတ္တိမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော ခေါင်းငြိမ့်ဖို့ရာ သွေးမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော နားလည်နေလိမ့်မည်ဟု မျှော်လင့်ပါသည်။ တကယ်တော့ သစ္စာနီပြောခဲ့သလို နောဧသင်္ဘောသည် မနေ့ညက နစ်မြုပ်ခဲ့ပြီးဖြစ်ပါသည်။
ရင်မင်းသစ်
၂၄ ၊ ၄ ၊ ၂၀၀၇
M Y Artists အထုပ္ပတ္တိ
- M Y Artists
- ကျွန်တော် ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခု ဖန်တီးချင်တာကြာပြီ။ အဲဒီ့ကိစ္စကို တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တယ်။ သူလဲ လုပ်ချင်တယ်… ဒါပေမဲ့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ ဒီ Blog လေးကို ပထမအဆင့်အနေနဲ့ ဖန်တီးခဲ့တာပါ။
ဝိတိုရိယ ပရဟိတဂေဟာ
http://www.vccmyanmar.org/
ကဏ္ဍအလိုက် ရွေးဖတ်ရန်
- မြန်မာလူငယ်အနုပညာရှင်များ (45)
- ကဗျာ (40)
- ရင်မင်းသစ် (36)
- ရင်မင်း (31)
- ဝတ္ထုတို (4)
- ဝိုင် (4)
- စိုးဝေ (3)
- ပန်ဒိုရာ (1)
- မျိုးသီဟ (1)
- ဆောင်းပါး (1)
