လတစ်စင်းကို ရူးသွပ်သလို
ကိုယ့်မှာတစ်ပွင့်ထဲကို တစိမ့်စိမ့်၊
ဒါဟာ စမ်းသပ်ခန်းမဟုတ်ဘူး
တစ်နေ့တစ်နေ့
ဒေါင်းတောက်အောင် လွမ်းနေတာ…
“အချစ်”
တစ်ဖက်သက်၊ နှစ်ဖက်သက်ရှုပ်ခတ်လို့
အဲဒီ့ကြွက်သိုက်ထဲ တစ်လိမ့်လိမ့်ပြုတ်ကျ
ဒါကို
ဒီကောင်က ရင်ဘတ်ကြီးထိုးထိုးပြသေး၊
သူကလည်း သူ့အဘိဓမ္မာနဲ့သူ
“အချစ်ဆိုတာ…
နင်ဆိုတဲ့ကောင်မလေးကို ပိုင်ဆိုင်ရခြင်း” တဲ့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
Archives
ဒီကဗျာက အမေများနေ့အတွက်ပေါ့၊ အမေများနေ့ကို နောက်ဆုံးမှ ကျင်းပဖြစ်တယ်… အမေရယ်… သား အခုချိန်ထိ မိုက်ကောင်းတုန်း…
မြွေတစ်ကောင်ရဲ့ ဝန်ခံချက်
ကိုယ့်တွင်း ကိုယ်တူးမိ
စနစ်တကျ၊ လှပသပ်ရပ၊်
ပြုံးပြ၊ လက်ဆွဲနှုတ်ဆက်
လက်ထဲ ဗုံးထည့်သွားတဲ့လောကရယ်
ဒီကောင်၊
တောထဲမှာ မျက်စိလည်နေပေါ့၊
ကိုယ့်မှာ ထောင်ထွက်တစ်ယောက်လို
ဘယ်အရပ်မှ အပင်ပေါက်လို့မရ
ငါနေတဲ့ကမ္ဘာက ကျဉ်းကျဉ်းလာ၊
ငါနေတဲ့မြို့က ကျဉ်းကျဉ်းလာ၊
ငါနေတဲ့အခန်းက ကျဉ်းကျဉ်းလာ၊
တစ်ကိုယ်စာတွင်းကလေးထဲ အသက်ရှူကြပ်လှချည့်။
ကဲ! ထားပါ၊ လူတွေကို လျှော်လိုက်စို့ရဲ့၊
ဒါပေမဲ့ အမေရယ်…
အမေ့မျက်ဝန်းထဲမှာ
သားက ဘာလို့မြွေတစ်ကောင်ဖြစ်နေရတာလဲ
တကယ်တမ်း၊ သားမြွေဆိုးတစ်ကောင်ဆိုရင်
ကိုယ့်အစွယ်ကိုယ်ရိုက်ချိုး၊ ယုန်တစ်ကောင်လိုဖြူစင်ပြမှာပေါ့
အခုတော့…။ ။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
မျိုသိပ်ထားတာထက်
ဆိုးတယ်၊
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ
“ဘ၀” ဆိုတာ ……
အချစ်ရဲ့ လက်ပါးစေလားကွယ်။
အချစ်သီဆိုရာသီချင်း
ချစ်သူ့ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်
အသံမဲ့ဂီတတစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ
ဘုရားသခင် …………..။
မျိုးသီဟ
၂၀၀၇ ခုနှစ်
မိုးတွေသည်းသည်းရွာနေတယ်...
မိုးရေတွေစိုရွှဲနေတဲ့
မည်းမည်းလက်လက် ကတ္တရာလမ်းပေါ်က
နီယွန်မီးရောင်ပြိုးပြက်တဲ့အခါ
ကားစက်နှိုးသံသဲ့သဲ့ကြား
အိမ်ပြန်နောက်ကျသွားတတ်တဲ့ညနေတွေ..
ထီးတစ်ချောင်းနှစ်ယောက်
ဘယ်လောက်ဝေးဝေး မမောကြေးတဲ့
အေးစက်နေတဲ့လက်များ
ရင်ခုန်သံဝိုးတ၀ါး
စိတ်တွေထွေပြားလိုက်တာ..
စိတ်ကောက်ရင် ဘတ်စ်ကားလိုက်စီး
မိုးမိပြီးဖျားတော့
အားငယ်နေသလားကွယ်
ကို ၀ယ်တိုက်တဲ့ ဟို လမ်းထိပ်ကဆန်ပြုတ်ကိုမှ
ဒီကသောက်ချင်ပြန်သတဲ့..
ကားကိုခဏရပ်ထား
အနားမှာအသာမှီပေါ့
Celine Dion က
My heart will go on တဲ့
လိမ္မော်ရနံ့ သင်းသင်းနဲ့အတူ
ညနေခင်းတွေ စီးဆင်းကြတဲ့အခါ..
အတိတ်တွေ ခါးသတဲ့လား
တဖွားဖွားကျနေတဲ့မိုးစက်မိုးမှုန်တွေ
ဘယ်လိုတားနိုင်မှာလဲ
သွား... ကွယ်…
မကြားချင်လည်း
ထားခဲ့တဲ့ ဒိုင်ယာရီလေးတစ်အုပ်ရယ်
ကြိုးပြတ်ကျန်ခဲ့တဲ့ လော့ကတ်သီးလေးတစ်ခုရယ်
မျက်ရည်တွေ စိုနေတဲ့ လက်ကိုင်ပုဝါလေးတစ်ထည်ရယ်
ခုလို မိုးရွာတဲ့ညတွေမှာ တစ္ဆေ လာလာခြောက်နေလို့။ ။
ပန်ဒိုရာ
၁၅၊၅၊၂၀၀၇
သံယောဇာဉ်ဆိုတာ… နောက်ကျောကဖြတ်လို့ရသလား?
ငါ့ဆီမှာ ဘရူးတပ်စ်တွေအများကြီးကွဲ့!
ဝါသနာပါရင် အလကဇန္ဒါးထက်တောင် ဂုဏ်ယူနိုင်ရဲ့၊
ငါ့ကိုယ်ထဲမှာ သူငယ်ချင်းဆိုတဲ့ လျှပ်စစ်ဓါတ်တွေ အမြဲစီးတယ်၊
ငါဆိုတာ…
ကိုယ့်အဆိပ်ကိုယ်ပြန်မိတဲ့ မြွေတစ်ကောင်ပေါ့၊
တစ်ဘဝလုံး ကိုယ့်လျှာကိုယ်ပြန်ခဲထားတာ
၂၄ နှစ်ထဲ ခြေတစ်လှမ်းဝင်ခဲ့ပြီ၊
လောကဓံဆိုတဲ့လမ်းဟာ…
ဖုန်တထောင်းထောင်း၊ ကျင်းချိုင့်ခပ်များများရယ်
ဒါတောင်၊ ငါ့ဖိနပ်တွေကို ဘရူးတပ်စ်တွေက ခိုးဝှက်ကြသေးရဲ့၊
ပိတ်ကားအချမှာ ငါဒီလိုဆုတောင်းတယ်
နောက်တစ်ဇာတ်မှာ ဘရူးတပ်စ် ငါမဖြစ်လိုဘူးရယ်လို့။
ရင်မင်းသစ်
၂၀၀၅ ခုနှစ်
တစ်ခါက
အားနာမှုတစ်ခု ရှိတယ်တဲ့
လိုက်လျောမှုကို အားနာတတ်တယ်
ခင်မင်ရင်းနှီးမှုကိုလဲ အားနာတတ်တယ်
အလိုက်မသိတတ်မှာကို အားနာတတ်တယ်
တစ်ကိုယ်ကောင်းဆန်ရမှာကို အားနာတတ်တယ်
ယုတ်မာရမှာကို အားနာတတ်တယ်
ရိုင်းစိုင်းရမှာကို အားနာတတ်တယ်
သဘောထားသေးရမှာကို အားနာတတ်တယ်
အခွင့်အရေးယူရမှာကို အားနာတတ်တယ်
ယုံကြည်မှုကိုလဲ အားနာတတ်တယ်
စကားပြောရမှာကို အားနာတတ်တယ်
အားနာရမှာကို အားနာတတ်တယ်
ဒီလိုနဲ့ပဲ….
လူတွေရဲ့ အမြင်မှာ
သူဟာ…………..
အပယ်ခံ ဖြစ်လာတယ်
ရိုင်းစိုင်းလာတယ်
အလိုက်မသိ လာတယ်
တစ်ကိုယ်ကောင်းဆန်လာတယ်
ယုတ်မာလာတယ်
သဘောထားသေးလာတယ်
အခွင့်အရေးတွေ တောင်းဆိုလာတယ်
စကားမပြောတတ်သူဖြစ်လာတယ်
ယုံကြည်မှုကင်းမဲ့လာတယ်
တစ်ကယ်တော့လည်း…..
ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ခေတ်ကြီးမှာ
သူဟာ..
ကိုယ့်အမြီးကို ကိုယ်ပြန်မြိုမိတဲ့
မြွေပွေးတစ်ကောင်ပါပဲ…..။ ။
စိုးဝေ
၉ ၊ ၅ ၊ ၂၀၀၇
အလွမ်းတွေ အတောင်ညောင်းတော့
ဘယ်ကမ်းမှာ နားရမလဲ..?
တစ်နယ်တစ်ကျေးမှာ ပွင့်တဲ့ပန်းက
ကိုယ့်အတွက် မွှေးလွန်းတယ်… ကောင်မလေးရယ်၊
မိုင်ထောင်ချီတဲ့ခရီးကို
အိပ်မက်ထဲမှာ ကူးရတာနဲ့တင်
ကိုယ့်မှာ လက်ပန်းကျနေပါပြီ။
ပြန်လှည့်ကြည့်စရာ
တို့နှစ်ယောက်မှာ ဘဝတစ်ခုမရှိခဲ့!
*"အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်" တဲ့၊
အခုတော့…
ကိုယ့်လက်ယက်တွင်းလေးကို
ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိခဲ့ပေါ့။
ကိုယ်ဟာ…
ယဉ်ယဉ်ကျေးကျေးနဲ့ ရိုင်းခဲ့သူပါ၊
ကောင်မလေးရဲ့ ရင်ဘတ်ကို အဆိပ်ခတ်
နှောင်းမှ ကိုယ့်ရင်ဘတ်ဖြစ်နေခဲ့သတဲ့…။ ။
ရင်မင်းသစ်
၂၉ ၊ ၄ ၊ ၂၀၀၇
*တာရာမင်းဝေ
ဖြစ်နိုင်မယ်ဆိုရင်
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…
ဘ၀မှာ
တစ်ခါလောက်
အောင်မြင်ချင်တယ်
တစ်ခါလောက်
ကလဲ့စားချေချင်တယ်
တစ်ခါလောက်
ချစ်သူကို ရွှေပေါ်မြတင် ထားချင်တယ်
တစ်ခါလောက်
စိတ်ယုတ်မာတရား မွေးချင်တယ်
တစ်ခါလောက်
သိဒ္ဒိတ္တလို ထိုးထွင်းဥာဏ်မျိုးလိုချင်တယ်
တစ်ခါလောက်
ရန်သူတွေအပေါ် အနိုင်လိုချင်တယ်
တစ်ခါလောက်
မိသားစုကို စိတ်ချမ်းသာစေချင်တယ်
တစ်ခါလောက်
နီရိုးဘုရင်လို တယောထိုးကြည့်ချင်တယ်
တစ်ခါလောက်
ဝေဿန္တာရာဘုရင်ကြီးလို ချမ်းသာချင်တယ်
တစ်ခါလောက်
နယူတန်လို ပန်းသီးကြွေကျတာမြင်ချင်တယ်
တစ်ခါလောက်
မုဆိုးကို လိုက်တဲ့
သားကောင်တစ်ကောင် ဖြစ်ချင်တယ်
တစ်ခါလောက်
မူးယစ်ဆေးသုံးချင်တယ်
တစ်ခါလောက်
ပါးစပ်လေးတစ်စုံကို ရင်းပြီး
လူတွင်ကျယ်ဖြစ်ချင်တယ်
တစ်ခါလောက်
တစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ်
တစ်ခါလောက်
ကုဋေရှစ်ဆယ်သူဌေးသားလို
ဘ၀ပျက်ကြည့်ချင်တယ်
တစ်ခါလောက်
ပင်လယ်လို ပေါလောမျောနေချင်မိတယ်
တစ်ခါလောက်
ဝိပဿနာတရား ကျင့်ချင်တယ်
တစ်ခါလောက်
ရေမရောတဲ့
စေတနာပြစ်ပြစ်တစ်ခွက်လောက် သောက်ချင်တယ်
တစ်ခါလောက်
မြွေပွေးတစ်ကောင်ရဲ့
အဆိပ်ကို သောက်သုံးချင်တယ်
တစ်ခါလောက်……………
တစ်ခါလောက်……….
တစ်ခါလောက်……….
ခုတော့…..
ငါ့မှာ ဖီးနစ်(စ်)ငှက်တစ်ကောင်လို
ကိုယ့်ကိုကိုယ် မီးပြန်ရှို့နေရတယ်…॥။ ။
စိုးဝေ
လူသားတွေကို ချစ်ခွင့်ပေးပြီးမှ ဆုံဆည်းခွင့် permission မချပေးတဲ့
လောကကဓံ…
မုန်းတီးခွင့်ပေးလိုက်ပြီးမှအတူရှိနေစေတဲ့
လောကဓံ…
ကြင်နာသလိုလိုဟန်ဆောင်ပြီးမှ နောက်ကျောဓားနဲ့ထိုး ချောက်ထဲတွန်းချတတ်တဲ့ လောကဓံ…
မျှော်လင့်ချက် တနင့်တပိုးပေးပြီးမှရိုက်ချိုးဖျက်ဆီးတတ်တဲ့
လောကဓံ…
အိပ်မက်လှလှလေးတွေ မက်ခွင့်ပေးပြီးမှ လှုနှိုးဖျက်ဆီးတတ်တဲ့
လောကဓံ…
မင်းကြောင့် ကွဲကွာကြရ
မင်းကြောင့် ကြေကွဲကြရ
မင်းကြောင့် ချစ်ကြရ
မင်းကြောင့် မုန်းကြရ
မင်းကြောင့် မျှော်လင့်ချက်နဲ့ အိပ်မက်တွေ ပျက်သုန်းကြရ
မင်းကြောင့် ငိုကြရ၊ ရယ်ကြရ
မင်းကြောင့် ဘဝတစ်ခုလုံး ပျောက်ဆုံးကြရနဲ့ ဖြစ်ချင်တာဖြစ်နေပေမဲ့
မင်းကတော့ ပိုနေမြဲ၊ ကျားနေမြဲအတိုင်း လောကကြီးကို ခပ်စိမ်းစိမ်းကြည့်နေခဲ့တယ်နော်
ကဗျာဆရာ “ရင်မင်းသစ်” ပြောသလို မင်းဟာ လူသားတွေကို
ကံစမ်းမဲ နှိုက်ခွင့်ပေးတယ်ဆိုရင်…
သေချာတယ် အားလုံးဟာ ဗလာမဲတွေချည်း ဖြစ်မှာဘဲ
အချစ်ကို အမုန်း
အပြုံးကို မျက်ရည်အဖြစ်
မျက်လှည့်ပြပြောင်းလဲဖန်ဆင်းတတ်တဲ့မင်းကို
အံ့သြလွန်းလို့ ချီးမွမ်းချင်ပေမဲ့
ရင်ထဲက စကားတစ်ခွန်းငါပြောချင်တာက…
နင့်ကို ငါမုန်းတယ်တဲ့…
ဝိုင်
၂၉ ၊ ၄ ၊ ၂၀၀၇
၂၃ နာရီ ၂၇ မိနစ်
ဝန်ခံချက်။ ။ရင်မင်း၏ “သူဖန်ဆင်းသော လောကဓံ” ကဗျာမှ ကံစမ်းမဲ နှိုက်ခွင့်ပေးတယ် ဟူသော စာသားအား ကိုးကားချက်အဖြစ် ယူသုံးထားပါသည်။
*“အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်”
ဘယ်သူ လက်ဆော့ခဲ့သလဲ..?
ငါ့ရင်ဘတ်ကို ကုတ်ခြစ်လို့၊
မိုးမလွန်ခင် ထွန်ကြူးမလို့ပါ၊
သိမ်ငယ်တတ်တဲ့ မြွေတစ်ကောင်က
ငါ့ထွန်ကို မျိုချသွားခဲ့၊
ကိုယ့်ဒေါသနဲ့ကိုယ် အဆိပ်တက်တော့
ဘယ်သူထူမှာလဲ..?
တကယ်တော့…
မင်းဆီလာမဲ့ခြေထောက်တွေ ကိုယ်တိုင်ရိုက်ချိုးခဲ့သူပါ။
ရင်မင်းသစ်
၂၀၀၄
*တာရာမင်းဝေ
M Y Artists အထုပ္ပတ္တိ

- M Y Artists
- ကျွန်တော် ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခု ဖန်တီးချင်တာကြာပြီ။ အဲဒီ့ကိစ္စကို တက္ကသိုလ်တက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တယ်။ သူလဲ လုပ်ချင်တယ်… ဒါပေမဲ့ အခြေအနေ မပေးဘူးဖြစ်နေတယ်။ ဒီ Blog လေးကို ပထမအဆင့်အနေနဲ့ ဖန်တီးခဲ့တာပါ။
ဝိတိုရိယ ပရဟိတဂေဟာ

http://www.vccmyanmar.org/
ကဏ္ဍအလိုက် ရွေးဖတ်ရန်
- မြန်မာလူငယ်အနုပညာရှင်များ (45)
- ကဗျာ (40)
- ရင်မင်းသစ် (36)
- ရင်မင်း (31)
- ဝတ္ထုတို (4)
- ဝိုင် (4)
- စိုးဝေ (3)
- ပန်ဒိုရာ (1)
- မျိုးသီဟ (1)
- ဆောင်းပါး (1)
လအလိုက်ဖတ်ရန်
သူတို့ပေးတဲ့ မှတ်ချက်များ
Download ချရန်
သွားလည်လို့ရတဲ့နေရာတွေ
တစ်ခုခုပြောထားခဲ့ပါဦး...
Verve
