အားနာမှု

တစ်ခါက

အားနာမှုတစ်ခု ရှိတယ်တဲ့

လိုက်လျောမှုကို အားနာတတ်တယ်

ခင်မင်ရင်းနှီးမှုကိုလဲ အားနာတတ်တယ်

အလိုက်မသိတတ်မှာကို အားနာတတ်တယ်

တစ်ကိုယ်ကောင်းဆန်ရမှာကို အားနာတတ်တယ်

ယုတ်မာရမှာကို အားနာတတ်တယ်

ရိုင်းစိုင်းရမှာကို အားနာတတ်တယ်

သဘောထားသေးရမှာကို အားနာတတ်တယ်

အခွင့်အရေးယူရမှာကို အားနာတတ်တယ်

ယုံကြည်မှုကိုလဲ အားနာတတ်တယ်

စကားပြောရမှာကို အားနာတတ်တယ်

အားနာရမှာကို အားနာတတ်တယ်

ဒီလိုနဲ့ပဲ….

လူတွေရဲ့ အမြင်မှာ

သူဟာ…………..

အပယ်ခံ ဖြစ်လာတယ်

ရိုင်းစိုင်းလာတယ်

အလိုက်မသိ လာတယ်

တစ်ကိုယ်ကောင်းဆန်လာတယ်

ယုတ်မာလာတယ်

သဘောထားသေးလာတယ်

အခွင့်အရေးတွေ တောင်းဆိုလာတယ်

စကားမပြောတတ်သူဖြစ်လာတယ်

ယုံကြည်မှုကင်းမဲ့လာတယ်

တစ်ကယ်တော့လည်း…..

ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ခေတ်ကြီးမှာ

သူဟာ..

ကိုယ့်အမြီးကို ကိုယ်ပြန်မြိုမိတဲ့

မြွေပွေးတစ်ကောင်ပါပဲ…..။

စိုးဝေ

၉ ၊ ၅ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

မြွေတစ်ကောင်ရဲ့ အထုပ္ပတ္တိ (၂)


အလွမ်းတွေ အတောင်ညောင်းတော့

ဘယ်ကမ်းမှာ နားရမလဲ..?


တစ်နယ်တစ်ကျေးမှာ ပွင့်တဲ့ပန်းက

ကိုယ့်အတွက် မွှေးလွန်းတယ်… ကောင်မလေးရယ်၊

မိုင်ထောင်ချီတဲ့ခရီးကို

အိပ်မက်ထဲမှာ ကူးရတာနဲ့တင်

ကိုယ့်မှာ လက်ပန်းကျနေပါပြီ။


ပြန်လှည့်ကြည့်စရာ

တို့နှစ်ယောက်မှာ ဘဝတစ်ခုမရှိခဲ့!

*"အားလုံးကို စွန့်လွှတ်ရရင်တောင်

သတိရခြင်းကို ငါပိုင်တယ်" တဲ့၊

အခုတော့…

ကိုယ့်လက်ယက်တွင်းလေးကို

ကိုယ်ကိုယ်တိုင် ဖျက်ဆီးမိခဲ့ပေါ့။


ကိုယ်ဟာ…

ယဉ်ယဉ်ကျေးကျေးနဲ့ ရိုင်းခဲ့သူပါ၊

ကောင်မလေးရဲ့ ရင်ဘတ်ကို အဆိပ်ခတ်

နှောင်းမှ ကိုယ့်ရင်ဘတ်ဖြစ်နေခဲ့သတဲ့…။ ။


ရင်မင်းသစ်

၂၉ ၊ ၄ ၊ ၂၀၀၇


*တာရာမင်းဝေ




ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

တစ်ခါလောက်

ဖြစ်နိုင်မယ်ဆိုရင်
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…
ဘ၀မှာ
တစ်ခါလောက်
အောင်မြင်ချင်တယ်
တစ်ခါလောက်
ကလဲ့စားချေချင်တယ်
တစ်ခါလောက်
ချစ်သူကို ရွှေပေါ်မြတင် ထားချင်တယ်
တစ်ခါလောက်
စိတ်ယုတ်မာတရား မွေးချင်တယ်
တစ်ခါလောက်
သိဒ္ဒိတ္တလို ထိုးထွင်းဥာဏ်မျိုးလိုချင်တယ်
တစ်ခါလောက်
ရန်သူတွေအပေါ် အနိုင်လိုချင်တယ်
တစ်ခါလောက်
မိသားစုကို စိတ်ချမ်းသာစေချင်တယ်
တစ်ခါလောက်
နီရိုးဘုရင်လို တယောထိုးကြည့်ချင်တယ်
တစ်ခါလောက်
ဝေဿန္တာရာဘုရင်ကြီးလို ချမ်းသာချင်တယ်
တစ်ခါလောက်
နယူတန်လို ပန်းသီးကြွေကျတာမြင်ချင်တယ်
တစ်ခါလောက်
မုဆိုးကို လိုက်တဲ့
သားကောင်တစ်ကောင် ဖြစ်ချင်တယ်
တစ်ခါလောက်
မူးယစ်ဆေးသုံးချင်တယ်
တစ်ခါလောက်
ပါးစပ်လေးတစ်စုံကို ရင်းပြီး
လူတွင်ကျယ်ဖြစ်ချင်တယ်
တစ်ခါလောက်
တစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ်
တစ်ခါလောက်
ကုဋေရှစ်ဆယ်သူဌေးသားလို
ဘ၀ပျက်ကြည့်ချင်တယ်
တစ်ခါလောက်
ပင်လယ်လို ပေါလောမျောနေချင်မိတယ်
တစ်ခါလောက်
ဝိပဿနာတရား ကျင့်ချင်တယ်
တစ်ခါလောက်
ရေမရောတဲ့
စေတနာပြစ်ပြစ်တစ်ခွက်လောက် သောက်ချင်တယ်
တစ်ခါလောက်
မြွေပွေးတစ်ကောင်ရဲ့
အဆိပ်ကို သောက်သုံးချင်တယ်
တစ်ခါလောက်……………
တစ်ခါလောက်……….
တစ်ခါလောက်……….
ခုတော့…..
ငါ့မှာ ဖီးနစ်(စ်)ငှက်တစ်ကောင်လို
ကိုယ့်ကိုကိုယ် မီးပြန်ရှို့နေရတယ်…॥။ ။


စိုးဝေ

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ငါမုန်းတဲ့ လောကဓံ

လူသားတွေကို ချစ်ခွင့်ပေးပြီးမှ ဆုံဆည်းခွင့် permission မချပေးတဲ့
လောကကဓံ…

မုန်းတီးခွင့်ပေးလိုက်ပြီးမှအတူရှိနေစေတဲ့
လောကဓံ…

ကြင်နာသလိုလိုဟန်ဆောင်ပြီးမှ နောက်ကျောဓားနဲ့ထိုး ချောက်ထဲတွန်းချတတ်တဲ့ လောကဓံ…

မျှော်လင့်ချက် တနင့်တပိုးပေးပြီးမှရိုက်ချိုးဖျက်ဆီးတတ်တဲ့
လောကဓံ…

အိပ်မက်လှလှလေးတွေ မက်ခွင့်ပေးပြီးမှ လှုနှိုးဖျက်ဆီးတတ်တဲ့
လောကဓံ…

မင်းကြောင့် ကွဲကွာကြရ
မင်းကြောင့် ကြေကွဲကြရ
မင်းကြောင့် ချစ်ကြရ
မင်းကြောင့် မုန်းကြရ
မင်းကြောင့် မျှော်လင့်ချက်နဲ့ အိပ်မက်တွေ ပျက်သုန်းကြရ
မင်းကြောင့် ငိုကြရ၊ ရယ်ကြရ
မင်းကြောင့် ဘဝတစ်ခုလုံး ပျောက်ဆုံးကြရနဲ့ ဖြစ်ချင်တာဖြစ်နေပေမဲ့

မင်းကတော့ ပိုနေမြဲ၊ ကျားနေမြဲအတိုင်း လောကကြီးကို ခပ်စိမ်းစိမ်းကြည့်နေခဲ့တယ်နော်

ကဗျာဆရာ “ရင်မင်းသစ်” ပြောသလို မင်းဟာ လူသားတွေကို
ကံစမ်းမဲ နှိုက်ခွင့်ပေးတယ်ဆိုရင်…
သေချာတယ် အားလုံးဟာ ဗလာမဲတွေချည်း ဖြစ်မှာဘဲ

အချစ်ကို အမုန်း
အပြုံးကို မျက်ရည်အဖြစ်
မျက်လှည့်ပြပြောင်းလဲဖန်ဆင်းတတ်တဲ့မင်းကို
အံ့သြလွန်းလို့ ချီးမွမ်းချင်ပေမဲ့
ရင်ထဲက စကားတစ်ခွန်းငါပြောချင်တာက…

နင့်ကို ငါမုန်းတယ်တဲ့…

ဝိုင်
၂၉ ၊ ၄ ၊ ၂၀၀၇
၂၃ နာရီ ၂၇ မိနစ်



ဝန်ခံချက်။ ။ရင်မင်း၏ “သူဖန်ဆင်းသော လောကဓံ” ကဗျာမှ ကံစမ်းမဲ နှိုက်ခွင့်ပေးတယ် ဟူသော စာသားအား ကိုးကားချက်အဖြစ် ယူသုံးထားပါသည်။

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

မြွေတစ်ကောင်ရဲ့ အထုပ္ပတ္တိ (၁)

*“အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်”
ဘယ်သူ လက်ဆော့ခဲ့သလဲ..?
ငါ့ရင်ဘတ်ကို ကုတ်ခြစ်လို့၊

မိုးမလွန်ခင် ထွန်ကြူးမလို့ပါ၊
သိမ်ငယ်တတ်တဲ့ မြွေတစ်ကောင်က
ငါ့ထွန်ကို မျိုချသွားခဲ့၊

ကိုယ့်ဒေါသနဲ့ကိုယ် အဆိပ်တက်တော့
ဘယ်သူထူမှာလဲ..?
တကယ်တော့…
မင်းဆီလာမဲ့ခြေထောက်တွေ ကိုယ်တိုင်ရိုက်ချိုးခဲ့သူပါ။


ရင်မင်းသစ်
၂၀၀၄

*တာရာမင်းဝေ

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.