ဇာတ်ညွှန်းအမှားနဲ့လူ (၂)

တခါတလေကျတော့လည်း
အတိတ်ကိုပြန်ပြန်တွေးရတာ သိပ်အရသာရှိတာပဲ။
ဒါကြောင့်လည်း စမြုံ့ပြန်တယ်ဆိုတဲ့စကား ပေါ်လာတာဖြစ်မယ်။

ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ…
သစ်ပင်သစ်ရွက်တွေ စိမ်းစိုနေတာနဲ့၊ ခြောက်သွေ့နေတာ
အသင်! ဘယ်ဟာကြိုက်သလဲလို့ မေးလာရင်
အားလုံးပဲ စိမ်းစိုနေကြမှာပါ။

ဒါပေမဲ့…
ကျွန်တော်ဆိုတဲ့သစ်ပင်ကတော့ စောစောစီးစီးပဲခြောက်သွေ့ခဲ့ပါတယ်။
ကျွန်တော်ဟာ အဆိပ်ရှိတဲ့လေကို ရှူခဲ့မိတာဘဲ…
အဲဒီ့လိုပြောမယ်ဆိုရင်
ကျွန်တော်ဟာ ဆင်ခြေဆင်လက်တော်တော်များတာဘဲ
မဟုတ်ဘူး!
ကျွန်တော်ဟာ အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့တာပါ။

တကယ်တော့…
သိသိချင်းပဲ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
တကယ်ကိုပါပဲ
ကျွန်တော့်ကိုယ်တွှင်းမှာရှိတဲ့ Real Time Editing စနစ်က ပျက်စီးနေခဲ့ပြီးပါပြီ။



ရင်မင်း
၂၆ ၊ ၁ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ယုံကြည်မှု၏ အခြားတစ်ဘက်၌


ဒီနေ့ ဝတ္ထုတိုတစ်ပုဒ်ကို ရေးမယ်လို့ စိတ်ကူးတော့ ကျွန်တော်ဘယ်ကစရေးရမလဲလို့ မဆုံးဖြတ်နိုင်ခင် ကျွန်တော်တွေးမိတွေးရာရေးချဖို့ဆိုတော့ ခင်ဗျားတို့စိတ်ဆိုးမယ်ဆိုပေမဲ့ အသေအချာမသိရခင် ကျွန်တော့်ဘက်က ဘာဆင်ခြေမှမပေးနိုင်တဲ့အတွက် ခင်ဗျားတို့ မယုံကြည်ရာရောက်ပေမဲ့ ကျွန်တော်က ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ဖို့ ဝါသနာထုံတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပြီး ခင်ဗျားတို့ ခွင့်မလွှတ်လည်း ရေးချင်ရာရေးမဲ့ အကြောင်း တင်ကြိုပြောကြားထားခဲ့ပါသည်။

သတင်းအစုံအလင်မှာ ခွေးနှစ်ကောင်ကိုက်ခြင်းသည် သမိုင်းမဖြစ်ခဲ့ပေမဲ့၊ ခွေးနှစ် ကောင်ကိုက်ရသည့်အကြောင်းသည် သမိုင်းဖြစ်နိုင်သည်ဟု ကျွန်တော့်ဘက်က အခိုင်အမာ ပြောဆိုခဲ့သော်လည်း ခင်ဗျားတို့ဘက်က မယုံကြည်လျှင် ဘာမှ ပြောစရာမရှိပါ။ သို့ပေမဲ့ ခွေးနှစ်ကောင်ကိုက်ခြင်းမှာ ဘာမှမဖြစ်သော်လည်း ခွေးကဲ့သို့ လူနှစ်ကောင်ကိုက်ခြင်း မှာ လူအများ ဒုက္ခရောက်နိုင်သည်ရှိရာ၊ သင်တို့မယုံကြည်လျှင် ကျွန်တော့်ဘက်က သက်သေ ထုတ်မပြနိုင်သော်လည်း လူအများရှေ့မှာ မိကျောင်းမင်း ရေခင်းမပြချင်ရာ၊ သင်တို့ဘက်မှ မယုံကြည်လျှင် ဂျော့ဒဗလျူဘုရှ်နှင့် ဆက်ဒမ်ဟူစိန်ဟူသည့် ခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် လူအများဒုက္ခရောက်ရကြောင်းကို သင်တို့ရော၊ ကျွန်တော်ရော သိနှင့်ပြီးဖြစ်ကြောင်း ကျွန်တော့်ဘက်က သိနှင့်သလို၊ သင်တို့ဘက်ကလည်း လက်ခံပြီးဖြစ်ကြောင်း ကျွန်တော်ရော၊ သင်တို့အားလုံးရော သဘောပေါက်ပြီးဖြစ်ပေလိမ့်မည်။

လောက၌ လူတို့သည် အသိဉာဏ်မဲ့လျှင် ခွေးထက်အသိဉာဏ်မဲ့ကြောင်း ပညာ မတတ်သည့် ကျွန်တော့်အမေသည် ကောင်းကောင်းသိသော်လည်း သင်တို့သိဖို့ရာ ကျွန်တော့် ဘက်က အာမမခံနိုင်သလို ကျွန်တော် ကိုယ်တိုင်ပင်လျှင် သိသည်လား၊ မသိသည်လား မဝေခွဲနိုင်ကြောင်း ဘွဲ့တွေရပြီး ပညာများစွာတတ်သည့် ကျွန်တော်က ပြောမည်ဆိုလျှင် သင်တို့ ဘာပြောမည်လဲ ကျွန်တော် မစဉ်းစားတတ်တော့ပါ။ ဒီနေရာတွင် သင်တို့ရော ကျွန်တော်ရော ဆက်ဆွေးနွေးမည်ဆိုလျှင် လက်ရှိပညာရေးအသိဗေဒအဆောက် အဦးမှစ၍ ရည်ရွယ်ချက်များအထိပါ ပြောဆိုဆွေးနွေးသွားနိုင်သော်လည်း ကျွန်တော့်ဘက်က ပြောချင် သည်မှာ ပညာရေးအကြောင်းမဟုတ်ဘဲ ခွေးနှစ်ကောင်ကိုက်ခြင်းအကြောင်း ဖြစ်နေပြန်ရာ ထိုအကြောင်းကို ဒီနေရာတွင်ရပ်ထား၍ သင်တို့ဘက်မှ ဆက်လက်ဆွေးနွေးချင် သည်ဆိုလျှင် နောင်အခါ ကျွန်တော်တို့ဆွေးနွေးနိုင်သည်ဟု ကျွန်တော့်ဘက်ကပြောလျှင် သင်တို့မည် သို့ဖြစ်မည်မသိသော်လည်း ကျွန်တော်က ပြောခဲ့ပြီးဖြစ်လေသည်။

အဓိက ကျွန်တော်ပြောချင်သည်မှာ ကျွန်တော်တို့ရပ်ကွက်၌ ခွေးနှစ်ကောင်ကိုက်သွား ခြင်းသည် မည်သို့မျှ မဖြစ်ခဲ့သော်လည်း၊ ထိုခွေးနှစ်ကောင်ကိုက်ရသည့် အကြောင်းရင်းအပေါ် တစ်ရပ်ကွက်လုံး အာရုံမရပေမဲ့ ကျွန်တော့်အတွက် သမိုင်းတွင်သွားခြင်းကြောင့်ဖြစ်ရာ ခွေးနှစ်ကောင်ကိုက်သည်ကို ရေးကြီးခွင်ကျယ်လုပ်ပြောသလိုဖြစ်နေမည်စိုး၍ မပြောဘဲနေ ချင်ပေမဲ့ မပြောလျှင်မနေနိုင်၍ ပြောခြင်ဖြစ်ကြောင်းပြောလျှင် သင်တို့မည်သို့ထင်မည်မသိ သော်လည်း ကျွန်တော့်ဘက်က ပြောခဲ့ပြီးဖြစ်လေသည်။ ဆိုလိုသည်မှာ ထိုခွေးနှစ်ကောင် ကိုက်ခြင်းသည် မည်သို့စကိုက်သည် မသိသော်လည်း ထိုခွေးနှစ်ကောင်ကိုက်ခြင်းကြောင့် ရပ်ကွက်လူကြီးများပါမကျန် ထိုခွေးနှစ်ကောင်၏ ပိုင်ရှင်များနှင့်လက်သင့်သည် ရပ်ကွက် သားများမှာလည်း သူ့ဘက်ကိုယ့်ဘက်နှင့် အုံးအုံးကျွတ်ကျွတ် မတည့်ဖြစ်ကုန်ကြရာ ကျွန်တော့်အား ဇာချဲ့ပြောသည်ဟုထင်လျှင် ကျွန်တော်က မည်သို့မျှပြန်ပြောမည်မဟုတ်သော် လည်း သင်တို့မယုံကြည်လျှင် သင်တို့အပိုင်းဖြစ်ရာ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ဘက်မှ ဘာမှပြောစရာမရှိတော့ဟု ပြောချင်ပါသည်။

သို့သော်လည်း လူဆိုသည်မှာ ကိုယ်လုပ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပြန်စဉ်းစားသည့် ဓလေ့မရှိသလောက်နည်းပါးခဲ့သော်လည်း၊ အကယ်၍ ပြန်စဉ်းစားခဲ့သော် ကိုယ့်သမိုင်းကို ရဲရဲရေးဖို့သတ္တိမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော ခေါင်းငြိမ့်ဖို့ရာ သွေးမရှိကြောင်း သင်တို့ရော၊ ကျွန်တော်ရော နားလည်နေလိမ့်မည်ဟု မျှော်လင့်ပါသည်။ တကယ်တော့ သစ္စာနီပြောခဲ့သလို နောဧသင်္ဘောသည် မနေ့ညက နစ်မြုပ်ခဲ့ပြီးဖြစ်ပါသည်။

ရင်မင်းသစ်

၂၄ ၊ ၄ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ယင်ကောင်များ

ဖန်တီးရှင်ဆိုတဲ့သူက

*ပါဖောင့်မန့် သိပ်ကောင်းတယ်၊

လောကဓံရှစ်ပါးကို အချိုမှုန့်လေး၊ ဆားလေးခပ်ပြီးပြတယ်။


အားလုံးရူးသွပ်ခဲ့ပေါ့။

အလုအယက်တိုးဝှေ့

ကျော်ဟိန်းကြီး ဒုက္ခကိုဆေးဆိုးတာထက်

ရှစ်ဆပိုတယ်။


မယုံမရှိနဲ့ ကိုယ့်လူ!

မိုက်လိုက်တဲ့သူတွေများ

ဘဝဆိုတာ…

ဒါမျိုးလေးနဲ့မှ ပိုအရသာရှိတယ်တဲ့။


ရင်မင်း

၂၈ ၊ ၄ ၊ ၂၀၀၇


*performance

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

ဇာတ်ညွှန်းအမှားနဲ့လူ (၁)

ဟောဒီ့မှာ!

ကမ်းခြေပျောက်နေတဲ့ ငှက်တစ်ကောင်ပါ၊

သူ့ရင်ဘတ်ထဲ ပွင့်တဲ့ပန်းက

တစ်နယ်တစ်ကျေးမှာ မွှေးတယ်။


တကယ်တော့…

သူဟာ သတ္တိမရှိတဲ့ငှက်ပါ၊

မလိုအပ်ပဲ သွေးထွက်ထွက်နေတဲ့သူပေါ့။


မယုံမရှိနဲ့!

ပွဲပြီးမှ ဖျာရှာဖို့သတိရတဲ့သူ

သနားစရာ…

သူ့အတောင်ပံတွေနဲ့သူ ထိခိုက်လို့။


ပြီးတော့မှ…

ဒီလိုချော်တော့ငေါ့တယ်။

“ကြံဖန်ပြီး အားနာနေတာ” တဲ့၊

ရင်မင်း

၂၆ ၊ ၁ ၊ ၂၀၀၇

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အကောင်းမြင်သမား

ဝတ္ထုတို ၁ ပုဒ်တင်ပြီးပြီဆိုတော့ ဒီတစ်ခါ ကဗျာဘက်ပြန်လှည့်ဦးမယ်။ ကျွန်တော်တို့က အခု Post တွေ အများကြီးတင်နေတာက သင်္ကြန်တွင်း မတင်ဖြစ်မှာဆိုးလို့ပါ။ အခု ရင်မင်းရဲ့ အကောင်းမြင်သမား ကဗျာလေးတင်ပေးလိုက်ပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး…



အကောင်းမြင်သမား


ကျွန်တော်က လောကကြီးဆီက ဘာမှများများစားစား ယူခဲ့တဲ့သူ မဟုတ်ပါဘူး…

(i) သူလို၊ ငါလို ပုံမှန် အသက်ရှုခွင့်ရယ်…

(ii) သူလို၊ ငါလို စိတ်ကောက်တတ်တဲ့ ချစ်သူတစ်ယောက်ရယ်…

(iii) သူလို၊ ငါလို ဘဝမှာ နေထိုင်ခွင့် ဗီဇာရယ်…

ဒါကိုပဲ ကိုယ့်ကို ဘာလို့ အမြင်ကတ်နေသလဲကွယ်…

ကိုယ်လည်း မတောင်းခံပဲနဲ့

ဖဲကြိုးလှလှလေးထုပ်ပြီး

လောကဓံ ရှစ်ပါးမှာ တစ်ပါးပိုပေးခဲ့တယ်…


ကိုယ် ဘာမှ မပြောတော့ပါဘူး…

သူ့အမြင်မှာ ကိုယ်ကဘဲ ထောင့်မကျိုးဖြစ်နေသလား…

ခက်တော့လည်းခက်တယ်

ကိုယ်ကလည်း အများနဲ့ လိုက်လျောညီထွေနေရဖို့ဆို

တီကို ဆားနဲ့တို့တာထက် ဆိုးတယ်…


ဘာပဲပြောပြောလေ…

ကိုယ့်အတွက်

ဒီလိုနေရာလေး တစ်နေရာဖန်တီးပေးခဲ့တဲ့

ဟိုမုတ်ဆိတ်နဲ့ ပုဂ္ဂိုလ်ကို ကျေးဇူးတင်ပါတယ်…

ကိုယ် စဉ်းစားထားပါတယ်…

ကိုယ် ထီပေါက်တဲ့နေ့ကျရင်

သူ့အတွက် အရက်တစ်ပုလင်းလောက် ဝယ်ပို့ပေးဦးမယ်…


ကိုယ့်ကို မျက်စိမနောက်ကြပါနဲ့…

ကိုယ်က မင်းခိုက်စိုးစန်လောက် စိတ်ပုတ်တဲ့သူတောင် မဟုတ်ပါဘူး…

ဘာတဲ့! သူပြောတာ…

“ကမ္ဘာကြီးသာ အပြားကြီးဆိုရင် ကြည့်မရတဲ့သူတွေကို အစွန်းကို ချော့ခေါ်သွားပြီး တွန်းချပစ်မယ်” ဆိုလား…

ဝန်ခံချက်။ ။စာရေးဆရာကျော်အောင်၏ “အကောင်းမြင်သမား” ဘာသာပြန်ဝတ္ထုခေါင်းစဉ်အား ယူသုံးထားပါသည်။

ရင်မင်း

ဧပြီလ ၊ ၈ ရက် ၊ ၂၀၀၇ ခုနှစ်

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.