မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ နှင့် မော်ဒန်ဝတ္ထုတိုများ

ဒီ Post လေးကတော့ ခေတ်ပေါ်ဝတ္ထုတိုတွေကို နှစ်သက်တဲ့ ပရိသတ်တွေကို သတင်းပေးတဲ့ သဘောပေါ့ဗျာ။

မန္တလေးက ဆရာဝန်စာရေးဆရာ ကျော်စွာထက်ရဲ့ ဝတ္ထုတိုစာအုပ်လေးပါ။ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ဝေခဲ့တာပါ။ တန်ဖိုးက ၈၀၀ ကျပ်ထဲပါ။ တန်ပါတယ်၊ ဖတ်ရကျိုးနပ်မှာပါ။ ဆရာကျော်စွာထက်ကတော့ ပြတ်ပါတယ်။ သူ့စာအုပ်ရဲ့ ခေါင်းစဉ်ကို “မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ နှင့် မော်ဒန်ဝတ္ထုတိုများ” လို့ အမည်ပေး ထားပါတယ်။ ဆရာကျော်စွာထက်က သူ့စာအုပ်မှာ နိဒါန်းစာကို ဆရာဇော်ဇ်ာအောင်ကို ရေးခိုင်းထားပြီး၊ အမှာစာကိုတော့ ဆရာသစ္စာနီကို ရေးခိုင်းထားပါတယ်။

ဆရာဇော်ဇ်ာအောင်ကတော့ သိတဲ့အတိုင်းပဲ မော်ဒန် (Modern)/ ပို့စ်မော်ဒန် (Post Modern) ရဲ့ နည်းနာနိဿယ (Theory) တွေ ဖောဖောသီသီနဲ့ ယှဉ်ပြီး ရေးပြ သွားပါတယ်။ ဆရာသစ္စာနီကတော့ သူနဲ့ ဆရာကျော်စွာထက် စတင်သိကျွမ်းပုံကစပြီး ယခုဝတ္ထုတို စာအုပ်မှာပါတဲ့ ဝတ္ထုတိုတွေရဲ့ ရေးဖွဲ့ထားတဲ့ပုံစံအပြင် ဝတ္ထုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ထားပါတယ်။ ဘယ်နေရာမှာတော့ ဟုန်သွားတယ်၊ ဘယ်နေရာ မှာတော့ ပိုသွား တယ်၊ စသဖြင့် ဝေဖန်သွားပါတယ်။

ယခုဝတ္ထုတိုလေးတွေမှာပါတဲ့ စာရေးဆရာရဲ့ ဒဿန၊ စာရေးဆရာရဲ့ အမြင် လေးတွေက သဘောကျစရာကောင်းပါတယ်။

ဥပမာ။

တစ်သက်လုံးတစ်ကိုယ်တော်နေတတ်ခြင်းနှင့် အသားကျလာခဲ့သော်လည်း သူ့ဘဝကို တံခါးပိတ်ထားဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိပါ။

အနှိုင်းမဲ့အချစ်ဝတ္ထု

တစ်ကိုယ်တော်နေထိုင်တတ်သော်လည်း ‘တစ်ကောင်တည်းပဲ၊ ဒါပေမဲ့ ခြင်္သေ့’ ဟု ဘယ်တုန်းကမှ မကြွေးကြော်ဖူးခဲ့။ ‘တစ်ကောင်တည်းပဲ၊ ဒါပေမဲ့ ကြွက်’ ဟုတော့ သူ့ကိုယ်သူ စိတ်ထဲက မကြာခဏ လှောင်ပြောင်ရယ်မောဖူးသည်။ ကြာသပတေး သား ဖြစ်သော်လည်း ကြွက်တွေကို သူမချစ်။ သူ့စာအုပ်တွေကို ကိုက်လေ့ရှိသော ကြွက်တွေကို သူမုန်းသည်။ ဒိုင်ယာနာကို သေတွင်းထဲသို့ တွန်းပို့ခဲ့သော ပါပရာဇီတွေကို သူမုန်းသည်။ ငယ်ငယ်တုန်းက အထင်ကြီးခဲ့မိဖူးသော လစ်ဗင်းတူဂဲသား (Living Together) ဆိုတာကြီးကို သူမုန်းသည်။ အလုပ်မရှိ အလုပ်ရှာကာ မဂ္ဂဇင်းတွေထဲမှာ ‘ဟိုလမ်းခွဲ’ ‘ဒီလမ်းခွဲ’ လုပ်နေသူတွေကို သူ စိတ်ကုန်သည်။

အနှိုင်းမဲ့အချစ်ဝတ္ထု

လောက၌ အရောင်အဆင်း၊ အနံ့အရသာမရှိသော အရာများသည် အသုံးအဝင်ဆုံးဖြစ်တတ်သည်ကို အသက်လေးဆယ်ကျော်မှ သူသဘောပေါက်ခဲ့သည်။

တိမ်ပြာပြာနေ့တစ်နေ့

‘ဘဝတွင် တင်းတိမ်ရောင့်ရဲခြင်းသာ ချမ်းသာသုခအစစ်အမှန်ဖြစ်သည်’ ဆိုသော စာတစ်ကြောင်းကိုဖတ်မိ၍ တင်းတိမ်ရောင့်ရဲခြင်းကို ဒေါ်လာ ၃ သန်းဖိုး ဝယ်ရန်အတွက် နေ့ရာညပါ မအိပ်မနေ အလုပ်လုပ်ပြီး ထိုလူငွေစုနေ၏။

မြင်းတစ်ကောင်ကိုခွစီးပြီး ဒုန်းစိုင်းသွားတဲ့နာရီ

“လူကြိုက်များတဲ့ အိပ်မက်တွေကို ဘာကြောင့် ခင်ဗျား မမက်ချင်ရတာလဲ။ ဥမမာ - ထီ သိန်းသုံးရာဆု ပေါက်တာမျိုးတို့၊ ဘာအလုပ်မှပင်ပင်ပန်းပန်း မလုပ်လိုက်ရဘဲ မိဘတွေဆီက အမွေများများရလိုက်တာမျိုးတို့၊ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ဖို့တို့၊ ၃ခ/ လင်ခရူဆာ ကားသစ်တစ်စီးနဲ့ ဂေါ့(ဖ်)ကွင်းသွားဖို့တို့၊ သူဋ္ဌေးသမီး တစ်ယောက်ကို အရချိုင်ဖို့တို့… အဲဒီလိုအိပ်မက်မျိုးတွေ မက်ခဲ့ရင်တော့ ယူခဲ့ပါ။ ကျွန်တော် ဈေးကောင်း ကောင်း ပေးပါ့မယ်။”

လူကြိုက်နည်းတဲ့ အိပ်မက်များနဲ့လူ

လောကဝတ်ကို သင်ရိုးမကုန်တဲ့သူ…

အများကြိုက်အင်္ကျီဒိဇိုင်းတွေ မဝတ်တတ်သူ…

လူတကာနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ဝန်လေးသူ…

ဒီလူမှာ အပြစ်ရှိသလားကွယ်။

ဒေးလ်ကာနက်ဂျီနဲ့ ကျွန်တော် ဆွေမျိုးမတော်ဘူး

သို့တိုင် စွန့်ခွာသင့်သော အချိန်မျိုးကို ရောက်လာပြီဆိုလျှင်တော့ သူ့ဇာတိ မြို့တော်ကို အသေဖက်တွယ်မထားပဲ စွန့်ခွာနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ မျှော်လင့်ထား ပါသည်။

ဇာတိမြို့

ဒီလောက်ဆိုရင်တော့ ဆရာကျော်စွာထက်ရဲ့ ဝတ္ထုတိုတွေနဲ့ ပတ်သက်ပြီး အတော်အတန် တီးခေါက်မိပြီထင်ပါတယ်။ အခုဖော်ပြထားတဲ့ စာညွှန်းတွေက ကျွန်တော် တို့ ရွေးချယ်မှုသာဖြစ်ပြီး စာဖတ်သူ သဘောမတွေ့လျှင် ကျွန်တော်တို့ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း တင်ကြိုဝန်ခံအပ်ပါသည်။

ဆရာကျော်စွာထက် အနုပညာများဆက်လက်ဖန်တီးနိုင်ပါစေ။


မြန်မာလူငယ်အနုပညာရှင်များ

ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.

အဲဒီနေ့က

ဒီ Post လေးကတော့ ကျွန်တော်တို့ “မြန်မာလူငယ်အနုပညာရှင်များ” Blog မှာ ပထမဦးဆုံးတင်ထဲ့ ကဗျာလေးပေါ့။ နောက်ထပ်လည်း ပုံမှန် အနုပညာနဲ့ပတ်သတ်တဲ့ Post လေးတွေ တင်နိုင်အောင်ကြိုးစားသွားပါ့မယ်။ ဒီကဗျာလေးရဲ့ အမည်ကတော့ “အဲဒီ့နေ့က" လို့ အမည်ရပြီး ကဗျာဆရာ ရင်မင်း က ရေးသားထားခြင်းဖြစ်ပါတယ်။ အားပေးကြပါဦး…




အဲဒီနေ့က

အဲဒီနေ့က

ဒီလိုဘဲလူတွေသုတ်သုတ်၊ သုတ်သုတ်နဲ့သွားလာနေကြတယ်။

အဲဒီနေ့က

လေတိုက်လို့မြည်တဲ့ ဆည်းလဲမဟုတ်ဘဲ၊ ဆည်းလဲမြည်အောင်၊ လေလိုက်တိုက်နေတယ်။

ကိုယ့်ကိုယ်ကိုအဲဒီလိုသဘောပေါက်တယ်။

အဲဒီနေ့က

မိုးမရွာခဲ့သလို၊ နေအပူကြီးလည်းမဟုတ်ခဲ့ဘူး၊

ဒါပေမဲ့ရင်ဘတ်ထဲစိုလိုက်၊ ခြောက်လိုက်နဲ့၊

အဲဒီနေ့က

ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲက သံလိုက်အိမ်မြှောင်ပျောက်သွားခဲ့တယ်၊

ဒီလိုနဲ့ဘဲ ငါ့ရဲ့လမ်းမတွေကို နတ်သူရူးတွေက ခိုးဝှက်ထားကြလေရဲ့။

အဲဒီနေ့က

သံလိုက်အိမ်မြှောင် နေရာမှာ အဆိပ်ရှိတဲ့ပန်းဇြူတစ်ပွင့်တယ်။

အချိန်အနည်းငယ်ကြာတော့…..

အဲဒီနေ့ကဘဲ

ကျွန်တော်သေဆုံးသွားခဲ့တယ်။

ရင်မင်း

၂၆ ၊ ၁ ၊ ၂၀၀၇


ဆက်ဖတ်ရန်...

These icons link to social bookmarking sites where readers can share and discover new web pages.