ဟုတ်တယ်၊
တကယ်တော့ ငါဟာ ဘာမှမဟုတ်ခဲ့ဘူး
ငါဆိုတာ…
လေအဝှေ့မှာ
အမျိုးမျိုးပြောင်းပြတတ်တဲ့ တိမ်လို
နင့်လက်ဖျောက်အတီး စောင့်နေခဲ့ရုံလေးပါပဲ…

ရောဂါ (၁)

သစ္စာနီကပြောတယ်
အချစ်ဆိုတာ ဆပ်ပြာပူဖောင်းတဲ့
အဲဒီ့ ဆပ်ပြာပူဖောင်းလေးကို
ငါ ထမ်းထားရတာ ဘယ်လောက်လေးတယ်မှတ်လဲ

ငါ့ရဲ့ ဆပ်ပြာပူဖောင်းမလေးရေ...
နင်က ငါ့ကို စွန်လိုမြှားတာသိတယ်
ငါက နင့်ကြိုးအတင်းအလျှော့မှာ
အလိုက်သင့် ကပြဦးမယ်၊

ငါဆိုတာ...
အနုမြူဗုံးကို ကန့်ကွက်ခဲ့တဲ့သူထဲလဲမပါဘူး
ကမ္ဘာကြီး စိမ်းလန်းရေး
ကြိုးစားတဲ့ အထဲလဲမပါခဲ့ဘူး
တိုင်းပြည်ကောင်းစားဖို့
တိုက်ပွဲဝင်ခဲ့တဲ့ အထဲလဲမပါဘူး၊

ဟုတ်တယ်၊
တကယ်တော့ ငါဟာ ဘာမှမဟုတ်ခဲ့ဘူး
ငါဆိုတာ...
လေအဝှေ့မှာ
အမျိုးမျိုးပြောင်းပြတတ်တဲ့တိမ်လို
နင့်လက်ဖျောက်အတီး စောင့်နေခဲ့ရုံလေးပါပဲ...

ဒါပေမဲ့
အဲဒီ့နေ့က ငါ့တစ်ကိုယ်စာလေး
မိုးကွက်ရွာသွားတယ်၊
အခုတော့...
နင့်လက်အတောက်မှာ
ပြတ်သွားတဲ့ စွန်လေးသက်သက်ပဲ...ဒီ့ထက်မပိုတော့ဘူး။ ။

ရင်မင်းသစ်
သြဂုတ်လ၊၁၁ရက်၊ ၂၀၁၀ ခုနှစ်

These icons link to social bookmarking sites where readers can share and discover new web pages.