Posted by M Y Artists
Dec
03
ကိုယ်ဟာ နီရိုးဘုရင်လို
အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး
တစ်ခုခုလိုနေလိမ့်မယ်ဗျာ… မရေးတာကြာတော့ ဘာမှန်းကို မသိဘူး… စိတ်ညစ်တယ်…
အမှတ်တရ ကဗျာ (၁)
ညဖက် အိပ်မပျော်လို့
ထကြည့်ချင်တာတောင်
ကျွဲနှစ်ကောင်ခတ်သလို မာနတွေကြောင့်
အမှတ်တရတွေ မရှိတော့ပြီ…
ကိုယ်ဟာ နီရိုးဘုရင်လို
အချစ်အတွက် ရူးရူးမိုက်မိုက်မလုပ်တတ်ဘူး
တခုတ်တရတွေကို
ရင်ဘတ်ထဲက ဖွင့်ဖွင့်ဖတ်ရလွန်းလို့
ရင်ဘတ်တစ်ခုလုံးတောင် ရစရာမရှိတော့ဘူးကွယ်…
ခက်တယ်
အလွမ်းတွေကို ကဗျာပြောင်းတော့
ကဗျာဆိုတာကြီးက မရိုးရှင်းဘူး
စကားလုံးတွေ ချရေးရုံနဲ့ ကဗျာမဖြစ်တော့
ကိုယ်လည်း ဒါကို မဆက်တတ်ဘူး
ခက်ခက်ခဲခဲကြိုးစားကြည့်တော့
သတိရတယ်ပေါ့။ ။
ရင်မင်းသစ်
ဒီဇင်ဘာလ၊ ၄ရက်၊ ၂၀၀၉ ခုနှစ်
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.
Posted by M Y Artists
Jun
20
ဘဝဆိုတာ…
ကိုယ်သာတဲ့အချိန်
ဒုံးပျံတစ်စင်းလို ကောင်းကင်ကို ထိုးခွဲတက်တော့မလိုနဲ့
ကိုယ်လဲကျတဲ့အချိန်...
သူတကာဖိနပ်အောက်မှာ
ဒါတွေလည်း ကျွန်တော် သိခဲ့ရပြီ အမေ…
မျှော်လင့်ခြင်းအကျိုးအပဲ့များ၊ ထမင်းတစ်လုပ်နှင့် ချစ်ခြင်းမေတ္တာ
“ကမ္ဘာကြီးတစ်ခုလုံးကို ဟောဒီ့ပုခုံးနဲ့ ထမ်းထားရတယ်”
ကျွန်တော် အဲသလိုဂုဏ်ယူလို့မရခဲ့ပါဘူး မေမေ…
အဲဒါ ကဗျာဆရာတွေ ပြောလေ့ရှိတာပါ
ကျွန်တော်ဟာ ကဗျာဆရာဘဝကို
အမြင့်ဆုံးဆုတံဆိပ်တွေထက် ပိုရင်ခုန်ခဲ့တာပါ။
ဒါပေမဲ့ မေမေရယ်…
ကျွန်တော့်ရင်ဘတ်က
အမေထမင်းငတ်မှာထက်ကိုတော့ ပိုပြီး ရင်မခုန်နိုင်ခဲ့ပါဘူး၊
အသက်ရှူပြီး ပြန်ထုတ်လိုက်သလို
ကဗျာဆရာဘဝဟာ…
ကျွန်တော့်ခနာကိုယ်က ထွက်ခွာသွားခဲ့ပါပြီ။
လရောင်နဲ့ထုဆစ်ခဲ့တဲ့ အိပ်မက်တွေကိုစွန့်ပြီး
ကျွန်တော်ဟာ အမဲလိုက်ဖို့ ပြင်ရတယ်၊
ဦးနှောက်ကို ရင်းခဲ့ရတယ်၊
မျက်ရည်ကို ရင်းခဲ့ရတယ်၊
ချွေးနဲ့သွေးကို ရင်းခဲ့ရတယ်…
ဘဝဆိုတာ…
ကိုယ်သာတဲ့အချိန်
ဒုံးပျံတစ်စင်းလို ကောင်းကင်ကို ထိုးခွဲတက်တော့မလိုနဲ့
ကိုယ်လဲကျတဲ့အချိန်...
သူတကာဖိနပ်အောက်မှာ
ဒါတွေလည်း ကျွန်တော် သိခဲ့ရပြီ အမေ…
ကျွန်တော်တွေ့ခဲ့တယ်
လူမြေခွေးတွေ၊ လူသမင်လေးတွေ
ဒီလိုပါပဲ အမေရယ်၊
မြောက်ကိုရီးယားနဲ့ အမေရိကားလို
ဘယ်သူဆော်မလဲ စောင့်နေရတာပါပဲ…
ကျွန်တော် အခုအရက်သောက်တတ်နေပြီ အမေ၊
ညဖက်အိပ်မပျော်ရင်
ဆေးလိပ်ကလေးလည်း ဖွာတတ်နေပြီ
ကျွန်တော်ပြောရင်
အမေက ဆင်ခြေပေးတယ်ထင်ဦးမယ်
မကျက်နိုင်တဲ့ ဒဏ်ရာတွေကို ဆေးထည့်ရင်း
နောက်တစ်နေ့အတွက် အားမွေးနေရတာပါ အမေရယ်…
အမေနဲ့ခွဲပြီး ခရီးရှည်တွေထွက်ခဲ့တယ်
ပြန်လာတော့လည်း
အမေ့အတွက်ပါလာတဲ့ လက်ဆောင်ဆိုလို့
မျှော်လင့်ခြင်းအကျိုးအပဲ့တွေအောက်က
အနာဖေးအထပ်ထပ်ပဲရှိရဲ့၊
မငိုပါနဲ့ အမေရယ်…
သံမဏိစက်ရုံက မီးရဲရဲတွေထက်ပူပါတယ်။
ကျွန်တော်ရွက်လွှင့်ဦးမယ်
အမေ့အတွက် ကျွန်တော်ရွက်လွှင့်ဦးမယ်… အမေ
ကောင်းကင်နဲ့ မြေကြီးကြား
ထမင်တစ်လုပ်အတွက် ကျွန်တော်ရွက်လွှင့်ဦးမယ်။
ရင်မင်းသစ်
ဇွန်လ၊ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။
ဆက်ဖတ်ရန်...
ပြန်သိမ်းခဲ့ပါ...
These icons link to social bookmarking sites where readers can share and discover new web pages.